BREAKING NEWS

မိုးရေသောက်ဖရဲတွေကြောင့် ဖရဲဈေးကျနေ

ရာသီဥတုဒဏ်ကြောင့် မိုးရေမိထားတဲ့ ဖရဲတွေမှာ ဈေးကျမှုများရှိသော်လည်း အရည်အသွေးကောင်း ဖရဲမျိုးမှာတော့ ဈေးကောင်းများရရှိနေကြောင်းမြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့မှသိရပါတယ်။

လက်ရှိဈေးကွက်အတွင်း ဖရဲဈေးနှုန်းမှာ ကျဆင်းနေခြင်းမဟုတ်ဘဲ ရာသီဥတုဒဏ်ကြောင့် မိုးရေမိထားတဲ့ ဖရဲတွေသာ ဈေးကျနေတာဖြစ်တယ်လို့  မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ဥက္ကဌ ဦးနိုင်ဝင်း ကပြောပါတယ်။

“ ဈေးကျတာကတော့ မိုးများနေလို့ပါ။ ဖရဲသီးက မိုးများတော့ ရေသောက်တာပေါ့လေ။ ရေသောက်တဲ့ အသီးက နည်း နည်းအနာထွက်တာပေါ့လေ။ အဲဒါကြောင့် ဈေးကျတာပါ။ အဓိကကတော့ ရာသီဥတု ကြောင့်ပါ။ ဈေးကွက်ကတော့ မဆိုးပါဘူး။ ရေမသောက်တဲ့ဘက်ကလာတဲ့ အသီးကျတော့ ပုံမှန်ဈေး ရှိပါတယ်။ ရေသောက်တဲ့ဘက်ကကျတော့ ရေ ဓါတ်များပြီး ကြာရှည်မခံဘူး ၊ ပုပ်တာပေါ့ ။အဲဒါကြောင့် ဈေးနည်းတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးကအစား စားဖြစ်နေတာပါ”

ယခုလကုန်အတွင်း ဖရဲရောင်းလိုအားမှာ ပိုမိုလာဖွယ်ရှိနေပြီး တရုတ်မှာဖြစ်ပွားနေတဲ့ ရာသီဥတု အခြေအနေကြောင့် လည်း မြန်မာ့ဖရဲများကို ဝယ်လိုအားများလာဖွယ်ရှိတယ်လို့လည်းအဆိုပါအစု အဖွဲ့မှ သိရပါတယ်။

ဝေဖြိုးနိုင် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *