ကွမ်းခြံများမိုးသီးထိ၍ ကွမ်းဈေးနှစ်ဆခန့်မြင့်တက်

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသီးများထိမှန်ပြီး ကွမ်းခြံများထိခိုက်ပျက်စီးမှု ရှိခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း ကွမ်းရွက်ဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာကြောင်း မန္တလေးမြို့က ကွမ်းဖြန့်ချိရေးဒိုင်များ မှသိရသည်။

”မိုးသီးတွေကထုထည်ကြီးမားပြီး အဆက်မပြတ်ကျလာတဲ့အတွက် ကွမ်းရွက်တွေပျက်စီးကုန်တာပါ။သင်္ကြန်မတိုင်ခင် ပေါက်ဈေးထက်   နှစ်ဆခုန်တက်သွားတယ်။ မန္တလေးနဲ့စစ်ကိုင်း က ကွမ်းခြံတွေ အများဆုံးပျက်စီးသွားတာပါ”ဟု ရန်ကင်းကွမ်းဖြန့်ချိရေးမှ ကိုကျော်သင်း ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှထွက်ရှိသော ကွမ်းဈေးနှုန်းမှာ သင်္ကြန်မတိုင်မီက တစ်ပိဿာလျှင်ငွေကျပ် ၄၅ဝဝ သာ ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ခြံဖြတ်ဈေး ငွေကျပ် ၈ဝဝဝ အထိ မြင့်တက်ခဲ့သဖြင့် ကွမ်းဖြန့်ချိရေးဒိုင်များမှ လက်လီ တစ်ပိဿာလျှင်   ငွေကျပ် ၁ဝဝဝဝ ဈေးအထိဖြန့်ချိရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးတက်ခဲ့သော်လည်း ကွမ်းရောင်းချသူများအတွက် တစ်စုံတစ်ရာ နစ်နာမှုမရှိဘဲ ကွမ်းစားသုံးသူများသာ ထိခိုက်မှုရှိခဲ့ကြောင်း ကွမ်းယာရောင်းချသူ ဦးဝင်းမြင့်က ပြောသည်။

”ကွမ်းဈေးတက်လာတော့ ကျွန်တော်တို့ ကွမ်းယာဆိုင်တွေက ကွမ်းအယာကိုလျော့ပြီး ရောင်းချလိုက်ရုံပဲ။ တကယ်နစ်နာတာက ကွမ်းစားတဲ့သူတွေပါ”ဟု ၄င်းကဆိုသည်။

ကွမ်းဈေးကွက်အနေဖြင့် မိုးကြို ကာလရာသီတွင်အထွက်နှုန်းနည်းပြီး ဈေးမြင့်တက် တတ်သော်လည်း ယခုကဲ့သို့ ရာသီဥတု ဆိုးရွားမှု များကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် ဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်။ဆက်လက်၍လည်း မြင့်တက်ဖွယ်ရှိကြောင်း ပုသိမ်ကြီးမြို့နယ်မှ ကွမ်းစိုက်တောင်သူဦးမိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကွမ်းအများဆုံးစိုက်ပျိုးသည့်ဒေသများမှာ မတ္တရာ၊ ကျောက်ဆည်၊ ရေဦး၊ တန့်ဆည်၊ ရွှေဘိုစသည့်မြို့များမှ အဓိကစိုက်ပျိုးကြပြီး ရေဦးနှင့် တန့်ဆည်ထွက်ကွမ်းများမှာ အကောင်း ဆုံးဖြစ်ကြောင်း သိရသည်။

Source by – MOI Webportal Myanmar





Leave a Reply

Your email address will not be published. Required fields are marked *