BREAKING NEWS

အင်းဆက်များ ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ပေါ်ခြင်း (Insecticide Resistance of Insects)

အင်းဆက်များ ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ပေါ်ခြင်း (Insecticide Resistance of Insects)
 
အင်းဆက်များ ပိုးသတ်ဆေးယဉ်ပါးလာခြင်းအန္တရယ်သည် ကမ္ဘာကြီးကိုး တနေ့တခြား ခြိမ်းခြောက်လာ နေပြီဖြစ်သည်။ လူသားတို့၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အား ထိပါးရိုက်ခတ် လာလျက်ရှိသည်။ Michigan State University ၏ မှတ်တမ်းအရ – ၁၉ ၉ ၀ ခုနှစ်တွင် ပိုးသတ်ဆေး ယဉ်ပါးသွားသော အင်းဆက် မျိုးစိတ်ပေါင်း ၅၀၀ကျော်ရှိပြီဟု ဆိုပါသည်။
စိုက်ခင်းသီးနှံများ၊သိုလှောင်သီးနှံများတွင် ပိုးများဖျက်ဆီးခံရမှုနည်းပါးသွားစေရန်အတွက်သော်လည်းကောင်း၊  ရောဂါဘယ များ သယ်ဆောင်ကူးစက်လာမှု လျော့ပါးသွားစေရန်အတွက်သော်လည်းကောင်း ပိုးသတ်ဆေးများကို အသုံးပြုကြပါသည်။ သို့ရာတွင် အစဉ်အမြဲ ထိရောက်သည်ဟူ၍တော့ မရှိတတ်ချေ။ ပိုးသတ်ဆေး တစ်ခု၏အစွမ်းသတ္တိသည် ရာသက်ပန်တည်မြဲနေ ရိုးထုံးစံမရှိပေ။
သက်ရှိတို့မည်သည် မိမိအပေါ်ကျရောက်လာသော အန္တရာယ်ကို အစွမ်းရှိသမျှ ခုခံတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထိုသို့ ခုခံမှုအကြိမ်များလာလျင် ပိုးတို့သည် ပိုးသတ်ဆေးများကို တစ်ခုပြီးတစ်ခု ယဉ်ပါးသွားပါတော့သည်။   ဆေးယဉ်ပါးမှုနှုန်း   မြင့်မားလာလျင် တခါတရံ အုံကြွမှု (Out – break) အဆင့်သို့ပင် ရောက်ရှိလာတတ်သည်။ ထိုအခါ အသစ်အသစ်သော ပိုးသတ်ဆေးများ ထပ်မံထုတ်လုပ်လာကြရသည်။ တဖန် ထိုဆေးများကိုပင်လျင် ပိုးတို့ယဉ်ပါးသွားကြပြန်ပါတော့သည်။   ဆေးအသစ်နှင့် မျိုးဆက်သစ်ပိုးများ ဘတပြန် – ကျားတပြန် နပန်းလုံးနေကြရသည်။
ပိုးများ ဆေးယဉ်ပါးမှုကို ခွဲခြမ်းစိတ်ဖြာကြည့်လျင် အကြောင်းအချက် အမျိုးမျိုးပေါင်းဆုံခြင်းကြောင့်   ဖြစ်ပွားလာလေ့ရှိကြောင်း   တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့်
(၁) ပိုးတို့၏ဇီဝဗေဒဆိုင်ရာအကြောင်းတရားများ
(၂) မျိုးဗီဇဆိုင်ရာ အကြောင်းတရားများ
(၃) ဆေးပစ္စည်းဆိုင်ရာအကြောင်းတရားများနှင့်
(၄) ဆေးပက်ဖျန်းခြင်းဆိုင်ရာအကြောင်းတရားများတို့ကြောင့် ဖြစ်လေ့ရှိသည်။
ပိုးတို့၏ဘ၀စက်ဝန်းသည် တိုတောင်းကြသည်။ သားပေါက်နှုန်း များကြသည်။ တစ်နှစ် တစ်ရာသီအတွင်း အချို့ပိုးများသည် သားဆက်အကြိမ်များစွာ ပေါက်ပွားနိုင်ကြသည်။ ထို့ကြောင့် ပိုးတို့၏ တရွေ့ရွေ့ ပြောင်းလဲမှုဖြစ်စဉ် (Evolution) သည် အခြား သက်ရှိတို့ထက် လျင်မြန်ကြသည်။ ပိုးသတ်ဆေး တမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေသစ်တွင် အသက်ရှင်သန် ကျန်ရစ်နိုင်ရန် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲ နိုင်စွမ်း မြန်ဆန်ကြသည်။ ဇီဝဗေဒဆိုင်ရာ အကြောင်းတရားအနေဖြင့်
– သားဆက်ကြိမ်နှုန်း (Generation Frequency)
– သားဆက်ကြိမ်တစ်ကြိမ်အတွင်း ပေါက်ပွားမှုပမာဏ (Number of offsprings per generation)
– အမူအကျင့်ပြောင်းလဲမှု (Behaviour changes)
– ပြောင်းရွေ့ကျက်စားမှု (Migration) စသည်တို့သည် ပိုးများဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေနိုင်သည်။
ပိုးများသည် သက်ရှိများဖြစ်ကြသည်။ သက်ရှိတို့၏ ခန္ဓာကိုယ်သည် ဆဲလ်များဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်များအတွင်း၌ မျိုးရိုးဗီဇအစွမ်းသတ္တိကို သယ်ဆောင်ထားသော ခရိုမိုဇုန်း (Chromosomes) များ အတွဲလိုက်တည်ရှိနေကြသည်။ ဗီဇဆိုင်ရာ အကြောင်းတရားအနေဖြင့် ခရိုမိုဇုန်းများပေါ်ရှိ ဆေးယဉ်ပါး မျိုးဗီဇများ၏ လွှမ်းမိုးနိုင်မှု (Dominance of resistant genes) အနေအထား၊ဆေးယဉ်ပါးမှုနှင့် အံဝင်ဂွင်ကျ ဖြစ်စေသော ဗီဇပုံစံ (Fitness of genotype)၊ ခရိုမီဇုန်းများပေါ်ရှိ ဆေးအမျိုးမျိုး ယဉ်ပါးမှု ဖြစ်စေတတ်သော ဗီဇစုံတွဲ အရေအတွက် (Number of different resistance alleless) စသည်တို့ ဖြစ်ကြသည်။
ပိုးသတ်ဆေးဆိုရာတွင် ပိတ်ပင်တားဆီးဆေးများ (Inhibitors)၊ မြုံဆေးများ (Chemosterilants)၊ ဟော်မုန်းဆေးများ (Hormone Agents)၊ လှန့်ဆေးများ (Repellents)၊ မြူဆွယ်ဆေးများ (Attractants) စသည်တို့ကိုဆိုလိုပါသည်။ သို့သော် အသုံးအများဆုံးမှာ အာရုံကြောကို အဆိပ်သင့်စေသော ဆေးများ (Neurotoxicants) ချည်းသာဖြစ်ကြပါသည်။  
ဆေးများအားလုံးသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။   ဆေးအုပ်စုတစ်ခုတည်းအတွင်း မှဆေးများပင်ဖြစ်စေကာမူ   မော်လီကျူးဖွဲ့စည်းပုံများ ကွဲပြားသွားကြသည်။ ထိုသို့ ကွဲပြားမှုကြောင့် ဆေးတစ်ခုနှင့်တစ်ခု၏အစွမ်းသတ္တိများ (Toxic Potential) နှင့် ခန္ဓာကိုယ်အတွင်း အဆိပ်ရွေ့လျားမှုများ (ToxicoKinetics) ခြားနားသွားတတ်သည်။ ဆေးပစ္စည်းဆိုင်ရာ အကြောင်းတရားအနေဖြင့် ဆေးသက်တည်မြဲမှုကာလ (Persistance)၊ ပိုးသတ်ဆေး၏ ဓါတုဗေဒသဘောတရား၊ ဆေး၏ ကျည်ဝင်လမ်းကြောင်းများ (Target sites)၊ ဆေးထိချက်ပုံစံ (Mode of Action) စသည်တို့သည်လည်း  ဆေးယဉ်ပါးမှုကို   ဖြစ်စေခြင်းအကြောင်းရင်းများ ဖြစ်ကြပါသည်။
ဆေးပက်ဖျန်းခြင်းဆိုင်ရာအကြောင်းတရားအနေဖြင့် ဆေးနှုန်းထား၊ ပက်ဖျန်းနည်းစနစ်၊ ပက်ဖျန်းချိန်၊ ဆေးဖျန်းကိရိယာ၏ အရည်အသွေး စသည်တို့ဖြစ်ကြပါသည်။အထက်ဖော်ပြပါအချက်များအနက် အချို့သည် ရှောင်လွှဲမရနိုင်သော အကြောင်းတရား များ (uncontrollable factors) ဖြစ်သဖြင့် ပိုးသတ်ဆေးတစ်ခုသည် တချိန်တွင် ပိုးကို မနိုင်တော့ချေ။ သို့သော် – ရှောင်လွှဲနိုင်သော အကြောင်းတရားများကို လိုက်နာဆောင်ရွက်ပေးခြင်းအားဖြင့် ပိုးသတ်ဆေးတစ်ခု၏ အသုံးဝင်မှု သက်တမ်းကို ဆွဲဆန့်ထားနိုင်ပါသည်။ ဆေးယဉ်ပါးမှုကို နှေးကွေးသွားစေနိုင်ပါသည်။
ပိုးသတ်ဆေးတစ်ခု ပက်ဖျန်းလိုက်လျင် ပိုးအများစု သေဆုံးသွားကြသည်မှန်သော်လည်း ခုခံနိုင်စွမ်းရှိသော ပိုးအနည်းငယ် ကျန်ရစ်နေတတ်စမြဲဖြစ်သည်။ ရှင်သန်ကျန်ရစ်သော ပိုးများမှ ပေါက်ပွားလာသော သားဆက်များသည် ထိုဆေးအမျိုးအစားကို ယဉ်ပါးသွားကြပါတော့သည်။ ဆေးယဉ်ပါးမှုသည် မျိုးရိုးဗီဇအထိ လိုက်ပါသွားလေ့ရှိသည်။ ဆေးယဉ်သွားသော ပိုးများမှ   ပေါက်ပွားလာသော သားဆက်များကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုးသေဆုံးစေနိုင်မှု   လျော့နည်းလာသည်။ ပိုးမွှားဗေဒ ရှုဒေါင့်မှကြည့်လျင် အချို့ပိုးများသည် အဆိပ်သင့်လွယ်ကြသည် (Susceptibility)။ အချို့သည်   ဆေးကိုပြန်လည်တုံ့ပြန် လွယ်ကြသည်။    ယေဘူယျအားဖြင့် လှုပ်ရှားမှုနှေးကွေးသောပိုးများသည် ဆေးဒဏ်ကို ပို၍ခံနိုင်ရည်ရှိတတ်သည်။ (Tolerance)။ ဆေးကို ပြန်လည်တုံ့ပြန်သော အဆိပ်ဖြေအင်ဇိုင်းများ ထွက်လွယ်မှု ကြောင့်ဖြစ်သည်။  ဆေးသုံးစွဲမှုအမှား များကြောင့်    အသက်မသေဘဲ ရှင်သန်ကျန်ရစ်သောပိုးများမှ အဆိပ်ဖြေ အင်ဇိုင်း ထွက်လွယ်သောမျိုးဆက်သစ် ပိုးများ   ပေါ်ထွန်းလာစေသည် (Mutation)။ ထို့ကြောင့် ပိုးနှိမ်နင်းရာတွင် ထိရောက်မှုရှိစေရန် သို့မဟုတ်  ဆေးယဉ်ပါးမှု   နှောင့်နှေးစေရန်အတွက် ဆေးသုံးစွဲမှု မှန်ကန်ဖို့ လိုပါသည်။ အဆိပ်ဆေးဝါးဗေဒရှုဒေါင့်မှကြည့်လျင် ဆေးယဉ်ပါးမှုကို အဆင့်ဆင့်ပိုင်းခြားသတိထားသင့်ပါသည်။
Source by – Argo-chemicals and Field Problem




Leave a Reply

Your email address will not be published. Required fields are marked *