BREAKING NEWS

အဖက်ဖက်မှ အသုံးဝင်သော ဆီသပြေပင် စိုက်ပျိုးရေး

ဆီသပြေပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ အပင်မှာ အရွယ်အလတ်အစားရှိသော အပင်မျိုးဖြစ်သည်။ အသီး၏ အဆံတွင် ဆီ ၅၅-၆၀% ပါဝင်ပြီး စားသုံးနိုင်သည်။ မူရင်းပေါက်ရောက်ရာဒေသမှာ အမေရိကတိုက် အလယ်ပိုင်းဖြစ်သည်။ ယင်းဒေသများတွင် ဆီသပြေပင်ကို aceituno၊ olivo၊ negrito ဟူ၍ အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ သိပ္ပံအမည်မှာ Simarouba glauca ဖြစ်ပြီး Simaroubaceace မျိုးရင်းဝင် အပင် ဖြစ်သည်။

ဆီသပြေပင်မှာ မြေကောင်းမြေညံ့ မရွေးဖြစ်ထွန်းနိုင်ခြင်း၊ အပင်ကြီးထွားနိုင်ရန် ခြောက်လခန့် မိုးပြတ်သော ခြောက်သွေ့ ရာသီဥတု      ဒဏ်ခံနိုင်ခြင်း၊ နွေရာသီတွင် စိမ်းလန်းနေခြင်း၊ စသည်တို့ကြောင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မြေဆီလွှာကို ရေနှင့်လေတိုက်စား ဆုံးရှုံးမှု ကာကွယ်ရေးအတွက် စိုက်ပျိုးနိုင်ပါသည်။ လမ်းဘေးများ၊ ဥယာဉ် ခြံစည်းရိုးများနှင့်  စိုက်ခင်းဘေး ပတ်လည်တွင်လည်း အရိပ်ပင်၊ လေကာပင်၊ အလှပင်များအဖြစ် စိုက်ပျိုးနိုင်ပါသည်။

မြေအမျိုးအစားနှင့် ရာသီဥတု

မြေကောင်းမြေညံ့မရွေး ဖြစ်ထွန်းနိုင်သည်။ ရေ၀ပ်သော မြေနှင့် စေးလွန်သော မြေများမဟုတ်ပါက စိုက်ပျိုးနိုင်သည်။ မိုးရေချိန် ပျမ်းမျှ တစ်နှစ် (၆၀) လက်မ ဒေသများတွင်  ဖြစ်ထွန်းပါသည်။

သီးပွင့်မှုသဘာဝ

အပင်သက်တမ်း (၄-၅) နှစ်တွင် စတင်သီးပွင့်ပါသည်။ (၁) အဖိုပွင့်များသာ ပွင့်သော အပင် (၂) အမပွင့်များသာ ပွင့်သော အပင်နှင့် (၃) လိင်စုံပွင့် နှင့် အဖိုပွင့်များပွင့်သော အပင်ဟူ၍ အဓိက သုံမျိုးတွေ့ရှိသည်။ ၄င်းအပင် သုံမျိုးအနက်အမပင်များကသာ အသီးအများဆုံး သီးပါသည်။

စိုက်ပျိုးနည်းစနစ်

မျိုးစေ့ဖြင့် စိုက်ပျိုးရန်အတွက် အထွက်ကောင်း အပင်မှ မျိုးစေ့များကို သီးခြား စုဆောင်းကာ စိုက်ပျိုးရပါသည်။ မျိုးစေ့ဖြင့် စိုက်သည့်အခါ စိုက်ကျင်းတွင် တိုက်ရိုက်ချစိုက်၍သော်လည်းကောင်း၊ ပျိုးထောင်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ သီးပွင့်ချိန်တွင် အဖိုပင်များ ခုတ်ဖယ်၍ လိုအပ်သော အမပင်များရနိုင်ပါသည်။

ဆီသပြေပင် စိုက်ပျိုးရန်အတွက် အထွက်ကောင်း အပင်မှ အဖူးများကို ရယူကာ လက်ခံမျိုးပင် ပေါ်တွင် ရော်ဘာပင် အဖူးကူးနည်း အတိုင်း အဖူးကူး၍ အောင်မြင်သော အပင်များကို စိုက်ပျိုးခြင်းဖြင့် လိုအပ်သော အမပင် အရေအတွက် ရရှိအောင် စိုက်ပျိုးနိုင်ပါသည်။

အပင်အကွာအဝေး

စိုက်ခင်းတွင် ဆီသပြေပင်အား (၂၅) ပေ × (၂၅) ပေ (တစ်ဧက ၆၅ ပင်)၊ (၃၀)ပေ × (၂၀) ပေ (တစ်ဧက ၇၂ ပင်) သို့မဟုတ် (၃၀) ပေ × (၁၅) ပေ (တစ်ဧက ၉၆ ပင်) အသီးသီး စိုက်ပျိုးနိုင်သည်။

စိုက်ကျင်းတူးခြင်း

စိုက်ကျင်းအား (၂ ပေ × ၂ပေ × ၂ပေ) အရွယ်အစား ဇယားပုံတူးရမည်။ အပေါ်ယံ မြေကြီးအားကျင်း၏ တဖက်တွင် သီးခြားဖယ်ကာ ကျင်းပြန်ဖုံးသည့်အခါ ယင်းမြေကြီးနှင့် ကျင်းပတ်ဝန်းကျင်ရှိ အပေါ်ယံ မြေများဖြင့် ပြန်ဖုံးပေးရသည်။

စိုက်ကျင်းတွင် မျိုးစေ့အား တိုက်ရိုက်စိုက်ပျိုးနည်း

မျိုးစေ့များအား တစ်ညရေစိမ်ပြီးနောက် အစေ့ခွံအား လက်ဖြင့်ပွတ်ကာ ခွာထုတ်ရမည်။ ရနိုင်ပါက Homai, Captan အစရှိသော မှိုရောဂါ ကာကွယ်ဆေး တစ်မျိုးမျိုးဖြင့် လူးကာ အသင့်ပြုပြင်ပြီးသော စိုက်ကျင်းတွင် မျိုးစေ့ (၃-၄) စေ့အား တစ်လက်မခန့် မြေမြှုပ်စိုက်ရသည်။ အပင်များ ပေါက်လာပြီးနောက် တစ်လ (၁ ၁/၂)လခန့် အကြာတွင် အသန်စွမ်းဆုံး တစ်ပင်ချန်ကာ ကျန်အပင်များအား နှုတ်ပစ်ရသည်

ပလတ်စတစ်အိတ်တွင် ပျိုးထောင်၍ စိုက်နည်း

ဆီသပြေမျိုးစေ့များအား ပလတ်စတစ်အိတ်တွင် ပျိုးထောင်ကာ (၁ ၁/၂)လ -(၂) လသား အရွယ်တွင် စိုက်ခင်းသို့ မြေချစိုက်ပျိုးနိုင်သည်။ (၂)လသား အရွယ်ပျိုးပင်များအတွက် (၆ လက်မ × ၁၀ လက်မ) အရွယ်ပလတ်စတစ်အိတ်ကို အသုံးပြုရသည်။ ပျိုးအိတ်များတွင် မြေကြီး၊ သဲ၊ မြေဆွေးတို့ကို (၃း၁း၁း) အချိုး ရောစပ်ရသည်။

မျိုးစေ့များပျိုးထောင်ပြီး (၂) ပတ်ခန့်တွင် အပင်များ ပေါက်လာမည်ဖြစ်သည်။ မျိုးစေ့များအား အစေ့ခွံခွာပြီး ပျိုးထောင်ပါက အပင်ပေါက်ပိုမြန်သည်။ မျိုးစေ့များအား ပျိုးအိတ်တွင် တိုက်ရိုက်မပျိုးပဲ သဲဘောင်တွင် အစို့ဖောက်ကာ အညွန့်လောင်းထွက်ကာစအရွယ်တွင် ပျိုးအိတ်သို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

အိတ်စိုက်ပျိုးပင်များအား လစဉ်မြေသြဇာ မှန်မှန် ကျွေးရမည်။ ဓာတ်စုံမြေသြဇာ (N:P:K.Mg)  ၁၅း၁၅း၆း၎ အားအောက်ပါနှုန်းအတိုင်း ကျွေးရမည်။

သက်တမ်း                                             နှုန်းထား (အောင်စ)

၁-၂ လ                                                 ၁/၈

၃-၄ လ                                                 ၁/၎

၅-၇ လ                                                 ၁/၂

၈  လနှင့် အထက်                                     ၁

ထိန်းချုပ်ပြုစုခြင်း

ပေါင်းရှင်းခြင်းကို တစ်နှစ် (၃-၄) ကြိမ်ခန့် အပင်ပတ်လည် (၃)ပေခန့် အကျယ် ပြုလုပ်ပေးရပါသည်။ အပင်ခြေပတ်လည်တွင် ပေါင်းမြက်ခြောက်များ၊ ကောက်ရိုး စသည်များဖုံးအုပ်ကာ အစိုဓာတ်ထိန်းခြင်းကို မိုးမကုန်မီ ပြုလုပ်ရသည်။ အစိုဓာတ်ထိန်းခြင်းကို ပင်သက် (၂) နှစ်သား အထိ ဆောင်ရွက်ရသည်။ ဓာတ်စုံမြေသြဇာ (N:P:K) ၁၅း၁၅း၁၅ အား တစ်ပင်လျှင် (၁)ပေါင်နှုန်းခန့်ဖြင့် တစ်နှစ်လျှင် မိုးဦးနှင့် မိုးနှောင်းများတွင် ကျွေးပေးရမည်။

အသီးထွက်နှင့် ဆီထွက်နှုန်း

သီးခြောက်အထွက်မှာ တစ်ပင်လျှင် ပျမ်းမျှ (၂၀) ပိသာခန့်ရှိသည်။ သီးပွင့်မှု သဘာဝအရ စိုက်ပျိုးပင်၏ (၅၀%) ခန့်သာ အသီးသီးပါသည်။ တစ်ဧက အသီးခြောက်ပိဿာ (၇၀၀) မှ (၈၀၀) ခန့်သာ ထွက်ရှိနိုင်ပါသည်။ အဆံမှာ အသီးခြောက်၏ (၂၀ %) ခန့်ပါရှိရာ ပိဿာ (၁၄၀) မှ (၁၆၀) ခန့်ရရှိနိုင်ပါသည်။

အဆံအား ဆီကြိတ်ပါက ဆီ (၆၀ %) ရရှိနိုင်သဖြင့် တစ်ဧကမှ ဆီပိသာ (၈၀) မှ (၁၀၀) ခန့် ထွက်နိုင်ပါသည်။

ဆီသပြေဆီ

ရင့်မှည့်သောဆီသပြေအသီးများ အခြောက်လှမ်းပြီး အခွံကို စက်ဖြင့် ကြိတ်ခွဲကာ ရရှိသော အဆံကို နှမ်း၊ မြေပဲ၊ နေကြာဆီကြိတ် စက် များဖြင့် ဆီကြိတ်ထုတ်နိုင်သည်။ ဆီ သပြေ ဆီကြမ်းအား အချဉ်ဓာတ်၊ အရောင်နှင့် အနံ့များ ချွတ်လိုက်ပါက စားသုံးနိုင်သော ဆီရရှိ ပါသည်။ ဆီသပြေဆီသည် သာမန်အခန်းအပူချိန်တွင် အခဲအဖြစ်တည်ရှိသဖြင့် သဘာဝ ဟင်းရွက်ဆီခဲ (မာဂျရင်း) အဖြစ် စားသုံးနိုင်ပါသည်။

ချောကလက်တွင် အသုံးပြုရသော ကိုကိုးထောပတ် နေရာတွင် အစားထိုး အသုံးပြုနိုင်သဖြင့် နိုင်ငံခြားဈေးကွက်တွင် ရောင်းချနိုင် ပါ သည်။

ဆီကြိတ်ဖတ်တွင် တိရစ္ဆာန်များအား အဆိပ်အတောက်ဖြစ်စေသည့် ဓာတ်တစ်မျိုး ပါသဖြင့်  တိရစ္ဆာန်အစာအဖြစ် အသုံးမပြုနိုင်သော် လည်း သဘာဝမြေသြဇာအဖြင့် အသုံးပြုနိုင်ပါသည်။

အခြားအသုံးဝင်မှုများ

ဆီသပြေပင် အခေါက်မှ ၀မ်းကိုက်ရောဂါပျောက်ဆေး၊ အပင်အား လောင်စာထင်း အဖြစ်နှင့် သစ်အားအိမ် အသုံးအဆောင်များပြုလုပ် အသုံးပြုနိုင်ပါသည်။

ဤကဲ့သို့ အဖက်ဖက်မှ အသုံးဝင်သော ဆီသပြေကို မိမိနေအိမ်ခြံဘေးမြေလွတ်မြေလတ်မှစ၍ စီးပွားဖြစ်စိုက်ခင်းများအထိကျယ်ပြန့်စွာ စိုက်ပျိုးရန်နှိုးဆော်တိုက်တွန်းပါသည်။

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း

 





Leave a Reply

Your email address will not be published. Required fields are marked *