စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ပေးရာတွင် တောင်သူ အလွှာပေါ်မူတည်၍ ထောက်ပံ့ ပေးသင့်ပြီး စိုက်ပျိုး ရာသီအမီ ချေးငွေ အထောက်အပံ့ ရရှိရန် လိုအပ်

သွင်းအားစု ဈေးမြင့်မားခြင်း အပါအ၀င် တစ်နှစ်ထက် တစ်နှစ် စိုက်ပျိုး စရိတ် အရင်းအနှီး စရိတ်များ မြင့်တက် လာခြင်းကြောင့်             လုပ်ကွက်ငယ် တောင်သူ လယ်သမားများ အနေဖြင့် အကြွေးနွံတွင် နစ်နေပြီး ၎င်းတို့ ဘ၀ဖူလုံရေး အတွက် အထောက်အပံ့ ပေးရာတွင်
ငွေကြေး တတ်နိုင်သော လုပ်ကွက်ကြီး တောင်သူများ နည်းတူ ပေးရန်မသင့်ဘဲ သင့်တော်သော နည်းလမ်းဖြင့် ပေးသင့်ကြောင်းပညာ
ရှင်များက အကြံပြု ပြောကြားသည်။ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ မြစိမ်းရောင်၊ သမ၀ါယမနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ
လယ်သမားများ အတွက် စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးကြ သော်လည်း လုပ်ကွက်ငယ် လယ်သမား ငယ်အများစုမှာ
လယ်ယာကဏ္ဍ အတွက် အသုံးမပြုနိုင်ဘဲ အကြွေးပြန်လည်ဆပ်ခြင်း ဖြင့်သာ လည်ပတ်နေသည်။

“ကြွေးဟောင်းကို ကြွေးသစ်နဲ့ဆပ်ရင်း ဒီကနေ ရုန်းမထွက်နိုင်ဘူး။ သူတို့တွေကို အကြွေးတင် နေရာကနေ စီးပွားရေး ကောင်းမွန်
အောင် ပိုက်ဆံချေးကြတယ်။ နေရာလေးမျိုးလောက်က ချေးလည်း လေးမျိုးလုံးမှာ အကြွေးတင်သွားကြတယ်။ ပြင်ပချေးငွေယူပြီး စိုက်ဘဏ်က ချေးငွေကိုဆပ် လိုက်တယ်။ သမ၀ါယမအသင်းက ချေးငွေ ယူတယ်။ ပုဂ္ဂလိကချေးငွေကို ပြန်ဆပ်တယ်။ ဒီလိုနဲ့
သံသရာ လည်နေတယ်။ သူ့ကိုချေးငွေပေးလိုက်လို့ သူက လွတ်မြောက် သွားလားဆိုတော့ မလွတ်မြောက်ဘဲ ကြွေးတွေ ပိတာပဲရှိ
တယ်” ဟု စိုက်ပျိုးရေး ပညာရှင် ဦးစံသိန်းက ပြောသည်။

LIFT မှ တောင်သူလယ်သမား ငယ်များအပေါ် အုပ်စုခွဲ သတ်မှတ်ရာတွင် လယ်ယာ လုပ်ငန်း ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်သူ
သို့မဟုတ် လယ်ယာ လုပ်ငန်းတွင် စီးပွား ဖြစ်ထွန်းသော အဆင့်သို့ ရောက်ရှိ နိုင်ချေရှိသော တောင်သူငယ် (Step up)၊ လယ်ယာ
လုပ်ငန်း၌ တ၀ဲလည်ရှိနေသူ၊ ကြွေးဟောင်းကို ကြွေးသစ်ဖြင့်ဆပ်၍ လည်ပတ်နိုင်စွမ်း မရှိသော အသေးစားချေးငွေ (Hang in) နှင့်
မြေလွတ်၊ လယ်ယာလွတ်၊ ပိုင်ပစ္စည်းများ ပေးဆပ်၍ ချို့တဲ့ရင်း လယ်ယာစီးပွားရေးမှ အခြားလက် လုပ်လက်စား၊ အသက်မွေးဝမ်း
ကျောင်းသို့ ကူးပြောင်းခဲ့ရသူ၊ လယ်ယာစီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရန်ခက်ခဲသော အုပ်စု (Step out) ဟူ၍ ခွဲခြားထား
သည်။

“ သွင်းအားစုတွေက ဈေးကြီးတယ်။ သူတို့ရဲ့ထွက်ကုန်တွေက ရောင်းချတော့ ကမ္ဘာ့ပေါက်ဈေးအတိုင်းမရဘူး။ သွင်း အားစုကျတော့
ပေါက်ဈေးအတိုင်း ၀ယ်ယူရတယ်။ ကြာလာတော့ အကြွေးနွံထဲမှာ နစ်နေကြတယ်။ သူတို့တွေကို ပိုက်ဆံချေး လိုက်တာက ဒီနည်း
နဲ့လုပ်ရင် ဘာမှအရာ မရောက်ဘူး။ သူတို့ကို ကယ်တင်ဖို့ နည်းလမ်းချ ထားရမယ်။ စီးပွားရေးအရ လုပ်နိုင်တဲ့ တောင်သူတွေကို ပေး
တဲ့အကူအညီမျိုးနဲ့ အကြွေးနွံထဲ နစ်နေတဲ့ တောင်သူမျိုး ကိုပေးတဲ့ အကူအညီမျိုးလုပ်လို့မရပါဘူး။ အလွှာပေါ်မူတည်ပြီး နည်းလမ်း
ရှာရပါ့မယ်” ဟု စိုက်ပျိုးရေး ပညာရှင် တစ်ဦးက သုံးသပ်သည်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စပါးစိုက်ပျိုးရေးအတွက်
တစ်ဧကလျှင် ကျပ်တစ်သိန်း၊ ယာသီးနှံစိုက်ပျိုးရေး အတွက် တစ်ဧကလျှင် ကျပ်နှစ်သောင်း ထုတ်ချေးပေးသော်လည်း အချို့သော
ဒေသ များတွင် စိုက်ပျိုးချိန်မီမရရှိခြင်း၊ အမှန်တကယ် စိုက်ပျိုး ထုတ်လုပ်ရာတွင် ကုန်ကျသော စရိတ်ကို မကာမိခြင်းနှင့် ချေးငွေပြန်
လည်ဆပ်ရသော ကာလတိုခြင်းတို့ကြောင့် အခက်အခဲများစွာရှိနေကြောင်း စလင်းမြို့နယ်မှ လယ်သမား ဦးထွန်းနောင်ဦးကပြောသည်။

“ နေရာဒေသ ပေါ်မူတည်ပြီး စိုက်စရိတ်ကုန်ကျစရိတ်က မတူညီနိုင်ပါဘူး။ ကျွန်တော်တို့ ဘက်ဆို တစ်ဧက ကျပ်သုံး သိန်းနဲ့ သုံးသိန်း
ငါးသောင်းကြား ကုန်ကျတယ်။ ဘဏ်ချေးငွေကတစ်သိန်းဆိုတော့ မလောက်ငဘူး။ အခြားရရင်ရသလို ပေးတဲ့ စီကယူ ရတယ်။
နောက်ဆုံး အကြွေး သံသရာလည်ပြီး အပြင်မှာ အတိုးကြီးနဲ့ ယူရပြန်ရော။ “ ဒါနဲ့လည်း အဆင်မပြေလို့ သွင်းအားစုတွေကို ကုမ္ပဏီ
တွေမှာ အကြွေးယူ၊ ပြန်ဆပ်နဲ့ သံသရာလည်နေပါတယ်။ ယာသီးနှံအတွက်လည်း ကျပ်နှစ်သောင်းဆိုတာ ဘယ်လိုမှ မလောက်ငပါ
ဘူး။ စိုက်ပျိုးချိန် အမှီ ချေးငွေထုတ်ပေးပါ။ ငွေကိုပမာဏတိုး ချေးပေးပါလို့ တောင်းဆိုချင် ပါတယ်” ဟု ၎င်းကပြောသည်။

“ Hang in လို လယ်သမားတွေ အတွက် တတ်နိုင်သလောက် ငွေရေး ကြေးရေး ပိုင်းကို အနည်းဆုံး ဖြစ်အောင် လုပ်ရမယ် project
approach နဲ့ သွားရပါ့မယ်။ ငွေရေး ကြေးရေးပိုင်းက သူ့ကိုပေးလိုက်ရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး စွန့်စားမှုကို ခံနိုင်ဖို့ အနည်းဆုံး
လူဖြစ်ရပါမယ်။ ဥပမာ ရေကြီးသွားတယ်။ မိုးခေါင်သွားတယ် ဆိုရင် ဒီလိုကြောင့် သီးနှံပျက်စီးသွားရင် စွန့်စားရမယ့် ဆုံးရှုံးမှုကို ဒီ
တောင်သူ အမျိုး အစားက လုံးဝမခံနိုင်ပါဘူး။ ခံနိုင်ရည် အနည်းဆုံးပါ။ ဒီလို အခြေအနေ မျိုးရှိတဲ့ လယ်သမားကို အကျိုးတူ လယ်ယာ
တွေ၊ ချေးငွေတွေပေးတဲ့ စနစ်ထဲထည့်လိုက်လို့ မရပါဘူး။

သူတို့အတွက် စံတစ်ခုနဲ့ သွားရပါမယ်။ low input၊ low output လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့တွေရဲ့ လုပ်အားကို အဓိကသုံးစွဲရမယ်။ မိသားစုလုပ်အားကို လယ်ယာလုပ်ငန်းထဲ ထည့်ရပါ့မယ်။ အပြင် လူလုပ်အားကို တတ်နိုင်သမျှ မသုံးဘဲလုပ် ရမယ်။ စပါးခွံ၊ ပဲရိုး လယ်
ကထွက်လာ တဲ့ပစ္စည်းတွေကို မြေသြဇာအဖြစ် ပြန်သုံးမယ်ဆိုရင် ဓာတ်မြေသြဇာ ၀ယ်သုံးဖို့ မလိုရင် ၀င်ငွေအထွက် နည်းလာမယ်။
ဒီလို စနစ်တွေကျင့်သုံးသင့်ပါတယ်” ဟု စိုက်ပျိုးရေးပညာရှင် ဦးစံသိန်းက ပြောသည်။

Source by – The Farmer





Leave a Reply

Your email address will not be published. Required fields are marked *