BREAKING NEWS

စပါးဘက်တီးရီးယားပင်ခြေပုပ်ရောဂါ အကြောင်းသိကောင်းစရာ (BACTERIAL FOOT ROT)

(က) ရောဂါဖြစ်စေသက်ရှိ

Erwinia chrysanthemi

(ခ) ရောဂါလက္ခဏာ

စပါးခင်းအတွင်းတွင် ရောဂါသည် အရွက်နှင့် ရွက်ဖုံးဆက်စပ်ရာရွက်လျှာမှ စတင်သည်။ ထင်ရှားသော လက္ခဏာများမှာ ညိုမည်းသော ရွက်ဖုံးပုပ်ခြင်းဖြစ်သည်။ ရောဂါပျံ့နှံ့လာသည်နှင့် အမျှ ရွက်ပြားမှ အ၀ါရောင်ဖြစ်၍ သေသွားပြီးငိုက်ကျလာသည်။

ဆက်လက်၍အဆစ်များ၊ ပင်စည်အူတိုင်များ၊ ပင်စည်အခြေပိုင်းနှင့် အမြစ်များအထိ ရောဂါကူးစက်လာပြီး ပုပ်ဆွေးသွားသည်။  ရောဂါကျ စပါးပင်ပွားများမှာ မြေကြီးအတွင်းမှ အလွယ်တကူ ဆွဲနှုတ်နိုင်သည်။ ရောဂါရအဆစ်များနှင့် ၄င်းအဆစ်များရှိအမြစ်များမှာ အမည်းရောင်   ဖြစ်နေသည်။ ရောဂါရပင်စည်အူတိုင်ပိုင်းကို အရှည်လိုက်ဖြတ်ကြည့်ပါက အတွင်းပိုင်းတွင် ညိုမည်းပုပ်ဆွေးနေပြီးဆိုးရွားပြင်းထန်သော အနံ့ထွက်နေသည်။ အပေါ်ပိုင်းအဆစ်များနှင့် အလိပ်မပြေသေးသော စပါးရွက်များပျော့ပုပ်သွားသည်။ ဘက်တီးရီးယားသည် အပင်ခြေ ပိုင်းကို ဆက်လက်တိုက်ခိုက်ပြီး အရွက်နုများမှာ အရောင်ဖျော့၍ ညှိုးလာသည်။ ရောဂါ၏ မူလလက္ခဏာမှာ အရွက်များ အ၀ါရောင်         ပြောင်းခြင်းနှင့် ပင်ပွားများအညိုရင့်ရောင် ပုပ်ဆွေးသွားခြင်းဖြစ်သည်။ ရိုးတံသည် ပျော့လာပြီး ပုပ်ဆွေးသွားခြင်းကြောင့် ဆိုးရွားသော အနံ့ထွက်နေသည်။ ရောဂါကျွမ်းသောအဆင့်တွင် ပင်ပွားအများအပြားပုပ်ဆွေးသွားခြင်းကြောင့် တစ်ပင်လုံးယိုင်လဲသွားသည်။ ရောဂါကို ပင်ပွားအများဆုံးထွက်ချိန်တွင်စတင်တွေ့ရလေ့ရှိသည်။

(ဂ) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု

ရေသွင်းရေထုတ်ခက်ခဲသော နေရာများ၊ ရေ၀ပ်၍ စိမ့်စွဲသော မြေများ၊ ဆည်ရေသောက် ရေထုတ်ခက်ခဲသော စပါးစိုက် မြေများတွင်   တွေ့ရလေ့ရှိသော ရောဂါတစ်ခုဖြစ်သည်။

(ဃ) ရောဂါတိုးတက်ဖြစ်ပေါ်မှုကို အားပေးသော အခြေအနေများ

ရောဂါကျစိုက်ခင်း ရေလွမ်းခံရသော အခြေအနေမျိုးတွင် စပါးပင်ကို အချိန်မရွေးပျက်စီးနိုင်သည်။ ဆည်ရေသောက်ဒေသများတွင် သွင်းရေမှ အဓိကကူးစက်သည်။

(င) ကာကွယ်နှိမ်နင်းနည်းများ

စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း

၁။ ပျိုးနှုတ်စဉ် အပင်ကို အနာတရမဖြစ်အောင် ဂရုစိုက်ပါ။

၂။ ပျိုးခင်းစိုက်ခင်းကို မြေပြုပြင်စဉ်တွင် ပိုတက်ရှ် အပါအ၀င်ဓာတ်မြေသြဇာကို အချိုးညီညီထည့်ပါ။

၃။ ရောဂါကျဖူးသော မြေကို မြေပြင်စဉ်တွင် ကျောက်မှုန့်မြေသြဇာကို တစ်ဧကလျှင် (၆)ပိသာနှုန်းထည့်ပေးပါ။ (သို့မဟုတ်) ထုံး (၁၅-၂၀) ပိသာနှုန်းထည့်ပေးပါ။

၎။ ရောဂါကျအခင်းကို ဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းကို ရှောင်ပါ။

၅။ ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါဆေးများ ပက်ဖျန်းအသုံးပြုပါ။

(က) Kasugamycin (ကာဆူကာမိုက်စင်)

(ခ) Copper ကော့ပါးလ်ပါဝင်သော မှိုသတ်ဆေးများ

စိုက်ပျိုးရေးဦးစီးဌာန

 




Leave a Reply

Your email address will not be published. Required fields are marked *