BREAKING NEWS

နေပြည်တော်ကောင်စီနယ်မြေတွင် အစားထိုးသီးနှံဧက ၅,၀၀၀ စိုက်ပျိုးနိုင်ခြင်း မရှိသေး

နေပြည်တော်ကောင်စီနယ်မြေတွင် အစားထိုးသီးနှံ ဧက ၅,၀၀၀ ကို စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ထံက သိရသည်။

၂၀၁၆ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်များတွင် အစားထိုးသီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ရာ လက်ရှိတွင် အစားထိုး သီးနှံစိုက်ပျိုးမည့် လယ်ဧက ၅,၀၀၀တွင် ဆည်ရေမရရှိသေးသဖြင့် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ နွေစပါးရေပေးတုန်း ရှိသေးတယ်။မတ်လနောက်ဆုံးအပတ်မှ ဆည်ရေပေးနိုင်မယ်။ နှစ်တိုင်းကြုံနေ ကျပါပဲ မိုးနည်းပြီး ဆည်ရေမလုံ   လောက်တာကတော့ စိုက်ပျိုးတာ နောက်ကျတာလည်း နှစ်တိုင်းကြုံ နေကျပါပဲ” ဟုနေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး            ဦးတင်စိုးကြိုင်က ပြောသည်။

မတ်လနောက်ဆုံးအပတ်မှ ဆည်ရေစတင်ပေးဝေမည်ဖြစ်ပြီး ဧပြီလပထမအပတ်တွင် အစားထိုးသီးနှံ ဧက ၅,၀၀၀ ကို  နေပြည်တော်   ပြည်ထောင်စုကောင်စီနယ်မြေတွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

“ ဆည်မြောင်းကရေပေးတာနဲ့ သင်္ကြန်မိုးရွာတဲ့ အချိန်လောက်ဆို နွေနှမ်းနဲ့ မိုးကြိုပဲတီစိမ်းကို စစိုက်လို့ ရပြီ။ တပ်ကုန်းနဲ့ လယ်ဝေးမှာ အစားထိုးသီးနှံ အများဆုံးစိုက်ကြတယ်” ဟု ဦးတင်စိုးကြိုင်က ပြောသည်။

၂၀၁၅ ခုနှစ်တွင် မိုးရွာသွန်းမှုနည်းသဖြင့် နေပြည်တော်တွင် ဆည်ရေပေးဝေနိုင်ခြင်းမရှိသည့် စပါးစိုက် ဧက ၅,၀၀၀ ကျော်တွင် အစားထိုးသီးနှံများအဖြစ် နွေနှမ်းစိုက်ဧက ၂,၀၀၀ ကျော် နှင့် မိုးကြိုပဲတီစိမ်း စိုက်ဧက ၃,၀၀၀ ကို စိုက်ပျိုးရန် လျာထားသည်ဟု   နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“ဆည်မြောင်းက ရေမပေးရင်၊ အစိုဓာတ်မရှိရင် စိုက်လို့မရဘူး။ နွေနှမ်းစိုက်ဖို့ကြိုပြီး ထွန်ယက်ထား တယ်။ ဆည်ရေရရင် အရန်သင့် စိုက်ရုံဘဲ။ ဆည်ရေရမှ စိုက်နိုင်မှာ၊ ကိုယ်ပိုင်အစီအစဉ်နဲ့ ရေသွယ် စိုက်ရင် ဓာတ်ဆီဖိုးနဲ့ ပြန်ရမှာနဲ့ရှုံးမှာ” ဟုလယ်ဝေးမြို့နယ်တွင်   နွေနှမ်းစိုက်ပျိုးသည့် လယ်ပိုင်ရှင် ဦးမောင်ဝင်းက ပြောသည်။

၂၀၁၅ ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေတွင် အစားထိုးသီးနှံနွေနှမ်းတစ်ဧကလျှင် ၁၀ တင်းထွက်ရှိပြီး မိုးကြိုပဲတီစိမ်းတစ်ဧကလျှင် တင်း ၂၀ နှုန်းထွက်၇ှိကြောင်း သိရသည်။

Source by – The Farmer





Leave a Reply

Your email address will not be published. Required fields are marked *