အယ်လ်နီညိုရာသီဥတုဒဏ်ကြောင့် သောက်သုံးရေပြတ်လပ်နိုင်သည့် ကျေးရွာပေါင်း ၁,၇၀၀ ကျော် အထိရှိလာ

အယ်လ်နီညိုရာသီဥတုကြောင့် လာမည့်နွေရာသီကာလတွင် ယခင်နှစ်များထက် သောက်သုံးရေပြတ် လပ်နိုင်သည့် ကျေးရွာပေါင်း ၁,၇၀၀ ကျော်အထိ ရှိလာကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

“ လာမည့်နွေရာသီတွင် ရေရှားပါးပြီဆိုတော့ ကွင်းဆင်းစစ်ဆေးထားကြတာ ကျေးရွာပေါင်း ၁,၇၀၀ ကျော်ရှိတယ်ဗျ။                             အယ်လ်နီညို ကိစ္စကြောင့်  ဒုက္ခရောက်မယ်ဆိုပြီးတော့ ရွေးထားတာပေါ့။ မနှစ်က ၄၀၀ ကျော်ဘဲရှိတယ်။ ဒီနှစ်ရေရှားပါးမယ်ဆိုပြီးတော့ စစ်တမ်းလိုက်ကောက်တာ ၁,၃၀၀ ပိုများလာတယ်။ စုစုပေါင်း ၁,၇၀၀ ကျော်ထိရှိလာတယ်” ဟု ၎င်းဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမြင့်ဦးက ပြောသည်။

ထို့ကြောင့် ယခုနှစ်ရေပြတ်လပ်နိုင်မှုအခြေအနေမှာ ကျေးရွာပေါင်း ၁,၃၀၀ ကျော်အထိ ပိုများလာသည့်အတွက် တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကို ၎င်းတို့ ဒေသအတွင်း သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်လာပါက အချိန်မရွေး ကူညီနိုင်ရန် အရန်သင့် ရှိနေပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။

“ ဒီနှစ်က မနှစ်ကထက် ပိုများလာတော့ ကျွန်တော်တို့ဌာနတစ်ခုတည်းနဲ့မနိုင်ဘူးလေ။ ဒါကြောင့် မီးသတ်ဦးစီးဌာနရော အားလုံးပေါ့။ ကူညီဖို့အတွက်က အဆင်သင့်ရှိနေပါပြီ။ နည်းမျိုးစုံ နဲ့တော့ရေရှိအောင် ကူညီသွားမှာပါ။ တိုင်းဒေသကြီးအားလုံးကိုလည်း ညွှန်ကြား ထားပြီးပါပြီ” ဟု ဦးမြင့်ဦးကပြောသည်။

 ထို့ပြင်မြို့နယ်နှင့် ကျေးရွာများတွင် ရေပြတ်လပ်မှု ဖြစ်ပေါ်လာသည်နှင့်အမျှ သောက်သုံးရေရှိ ရန်ဖုန်းနံပါတ်များကိုလည်း   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ထုတ်ပြန်ပေးပြီးပြီဖြစ်ကြောင်း သိရသည်။

 ထို့နောက်ဂျပန်နိုင်ငံမှလည်း မြန်မာနိုင်ငံသောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်လာပါက ပြည်သူများ ရေဆိုးရေညစ်များကို သောက်သုံးခြင်း မဖြစ်ပေါ်စေရန်အတွက် ရေသန့်စက်နှစ်စီး လှူဒါန်းမည်ဟုလည်း ကြားသိရသည်

“ ရေသန့်စက်လှူမယ်လို့ပြောပါတယ်။ သူတို့ဘက်က ဘယ်အချိန်လှူမယ်ဆိုတာတော့ တိတိကျကျမသိရှိရသေးပါဘူး။ လက်ရှိတော့ ညှိနှိုင်းနေဆဲဘဲရှိပါသေးတယ်” ဟု ဦးမြင့်ဦးက ပြောသည်။

ယခုနှစ်အယ်လ်နီညိုသည် ယခင်နှစ်များထက် အဆပေါင်းများစွာဆိုးရွားလွန်းသည့်အတွက် မိုးလေ၀သပညာရှင်များကလည်း ဆက်တိုက် သတိပေးနေပြီ; တောင်သူများအနေဖြင့်လည်း ပူပြင်းသော ရာသီဥတုတွင် မည်သည့်သီးနှံများကို စိုက်ပျိုးနိုင်ရန်အတွက်  ပြည်တွင်းထုတ် သတင်းစာ ဂျာနယ်များက ဖော်ပြလျှက်ရှိပါသည်။

 “ အဓိကကတော့ ကျွန်တော်တို့ကိုရေရှိအောင်လုပ်ပေးဖို့ပါ။ ရေရှိမယ်ဆိုအပူချိန်လည်းသက်သာမယ်။ သီးနှံတွေကိုလည်း   ရေသွင်းစိုက်ပျိုးလို့ရနိုင်တယ်။ ဆည်တွေဖြစ်ဖြစ်၊ ရေမြောင်းတူးပေးတာ တွေပဲဖြစ်ဖြစ် ဆောင်ရွက်ပေးစေချင်ပါတယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှ လယ်သမားကြီး ဦးကြည်တိုးကပြောသည်။

 ထို့ပြင်မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကလည်း အပူချိန်၃၇ ဒီဂရီစင်တီဂရိတ်သည် စပါးပင်များထွက်နှုန်းကောင်းသည့် အနေအထားဖြစ်ပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားထားသည်။

 မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃,၀၀၀ ကျော်ရှိသည့်အနက် သောက်သုံးရေပြတ်လပ်နိုင် သည့်ကျေးရွာများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ကျေးရွာများဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။

 ထို့ပြင်လတ်တလောအခြေအနေတွင် မိုးရွာသွန်းမှုများရှိမည်ဖြစ်ရာ နှစ်စဉ်သောက်သုံးရေ  ပြတ်လပ်သည့်ဒေသများအနေဖြင့်   ရေလှောင်ကန်များဖြင့် စနစ်တကျ ထိန်းသိမ်းရယူထားရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေးထားသည်။ ယခုနှစ်တွင်   ရေကြီးမှုနှင့် မိုးခေါင်မှုကို တပြိုင်တည်းကြုံတွေ့ရနိုင်ဟု ပညာရှင်များက ပြောကြားထားပြီးနောက် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် မိုးရွာသွန်းခြင်းနှင့် အပူချိန်မြင့်တက်လာကာ ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၂၂ ရက်တွင် ဧရာဝတီမြစ်ရေသည် ၁၂ ပေခန့်မြင့်တက်လာ ခဲ့သောကြောင့် ကချင်ပြည်နယ်မလိခမြစ်ဖျားတွင် ရုတ်တရတ်ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး ရွေ့ပြောင်းအလုပ်သမား ၁,၀၀၀ ကျော်   ရေကြီးမှုဒဏ်ကို ခံစားခဲ့ရ သည်။

Source by – The Farmer





Leave a Reply

Your email address will not be published. Required fields are marked *