BREAKING NEWS

ကျွန်းစုမြို့တွင် ဝေလငါးမန်းကြီးတစ်ကောင် သေဆုံးလျက်တွေ့ရှိ

ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ ကျောပြင်ထိုးခွဲဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဝေလငါးကြီး တစ်ကောင် သေဆုံးလျက် ရေပေါ်မျောနေတာကို တွေ့ရှိခဲ့တဲ့အတွက် တာဝန်ရှိသူများက ကောင်းမွန်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဝေလငါးမန်းကြီး (ဒေသအခေါ် ဝစီပျောက်ငါး) ကို သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာနဲ့ ရေမိုင် (၀.၅) မိုင်ခန့်အကွာ၊ ပဲ့ဂလက်အလုပ်စခန်းအနီးရေပြင်မှာ သေဆုံးလျက်မျောပါနေတာကို ဒီဇင်ဘာ (၁၆) ရက်နေ့ညက ဒေသခံတစ်ဦးမှ တွေ့မြင်ခဲ့တာ ဖြစ်ပါတယ်။
ပြင်ပလက္ခဏာ စစ်ဆေးချက်အရ ဦးခေါင်းနောက် ကျောပြင်အပိုင်းမှာ (၈) လက်မခန့်ရှိတဲ့ တစ်စုံတစ်ခုနဲ့ ထိုးခွဲထားတဲ့ ဒဏ်ရဥာတစ်ချက် တွေ့ရှိရပြီး ယင်းဒဏ်ရာကြောင့် လွန်ခဲ့တဲ့ (၆) ရက်ခန့်ကတည်းက သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်က MOI သို့ပြောဆိုထားပါတယ်။
သေဆုံးဝေလငါးမန်းမှာ ငါးအမတစ်ကောင်ဖြစ်ပြီး အရှည် (၂၆) ပေ၊ လုံးပတ် (၁၂) ပေခန့်ရှိကြောင်း သိရပါတယ်။
ယင်းငါးကို ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနဲ့ ဒေသခံများပူးပေါင်းပြီး ဝဲကျွန်းရွာအနီးရှိ၊ သင်္ချိုင်းတောင်ကျွန်း ကမ်းခြေမှာ ဒီရေကျတဲ့အချိန်ရွေးပြီး စနစ်တကျ မြေမြှုပ်နှံခဲ့ကြောင်း သိရှိရပါတယ်။
ရန်နောင် / Photo:MOI





Leave a Reply

Your email address will not be published. Required fields are marked *