BREAKING NEWS

အိန္ဒိယဘုရားကျောင်းတစ်ခုအတွင်း ရှေးဟောင်းရွှေများ ရှာဖွေတွေ့ရှိ

ဒီဇင်ဘာ ၁၅
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်၊ ကမ်ချီပူရမ်ခရိုင်အနီးရှိ ဘုရားကျောင်းဟောင်းတစ်ခုကို ပြန်လည်မွမ်းမံရာမှ ရှေးခေတ်ရွှေတုံးများစွာ ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသခံများက ဘုရားကျောင်းအတွင်းမှာသာ ထားရှိလိုပေမယ့် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေသခံများက ဘုရားကျောင်းကို ပြုပြင် ပြင်ဆင်မှုများ ပြုလုပ်ရာမှာ ဘုရားကျောင်းမြေအောက် ဝတ်ပြုဆုတောင်းခန်းသို့ အဆင်းလှေကားထစ်များအောက်မှာ အဆိုပါရွှေတုံးတွေကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတစ်ရပ်အရ ရှာဖွေတွေ့ရှိတဲ့ ရွှေတွေထဲမှာ ရွှေလည်ဆွဲတစ်ခု ပါဝင်ကြောင်းသိရပါတယ်။ ရွှေထည် စုစုပေါင်းရဲ့ အလေးချိန်မှာ (၅၆၅) ဂရမ်ဝန်းကျင် ရှိတယ်လို့ အိန္ဒိယပြည်တွင်း မီဒီယာများက ရေးသားဖော်ပြထားပါတယ်။
ဒေသခံများမှာ ယခုလိုရှာဖွေတွေ့ရှိတဲ့အပေါ် မင်္ဂလာရှိတဲ့ အတိတ်နမိတ်အဖြစ် ယူဆပြီး ဘုရားကျောင်းပြင်ဆင်ပြီးသွားတဲ့အခါ ဘုရားကျောင်းအတွင်း ထားသိုလိုတဲ့ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၃) ရက်နေ့မှာတော့ ဒေသခံရဲတပ်ဖွဲ့မှ လာရောက်သိမ်းဆည်းသွားပါတယ်။ ဒေသခံများက လူစုလူဝေးဖြင့် ကန့်ကွက်ခဲ့ပြီး လမ်းများကို ပိတ်ဆို့ခဲ့ပေမယ့် ရဲတပ်ဖွဲ့က အဓမ္မရယူသွားကြောင်း vice က သတင်းဖော်ပြခဲ့ပါတယ်။
ရွှေတုံးတွေကို တွေ့ရှိစဉ်ကတည်းက ဒေသခံတွေဟာ ဒီရတနာတွေသာ သူတို့နဲ့သာ သက်ဆိုင်ကြောင်းနဲ့ ဘုရားကျောင်းပိုင်အဖြစ်သာ ထားသိုလိုကြောင်း ပြောဆိုခဲ့ပေမယ့် ဆွေးနွေးတိုင်ပင်မှုများအပြီးမှာတော့ အာဏာပိုင်များက လက်မခံခဲ့ပါဘူး။ ဒီနောက်မှာတော့ သေတ္တာအတွင်း သိမ်းဆည်းကာ ရဲအစောက့်အရှောက်များဖြင့် ယူဆောင်သွားတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ယခုလို ဘုရားကျောင်းများအတွင်းမှ လက်ဝတ်ရတနာနဲ့ ရွှေထည်တွေကို ရှာဖွေတွေ့ရှိတာဟာ မထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါ။ ၂၀၁၁ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကီရာလပြည်နယ်၊ ပက္မာနာဘာဟတ်ဆွာမိ ဘုရားကျောင်းအတွင်းရှိ လျှို့ဝှက်အခန်းတစ်ခန်းအတွင်းမှ ဒေါ်လာ ၁ ထရီလျံ (၁,၀၀၀,၀၀၀,၀၀၀,၀၀၀) တန်ကြေးရှိ ရတနာတွေကိုရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။
MRML / Ref:Vice





Leave a Reply

Your email address will not be published. Required fields are marked *