BREAKING NEWS

စစ်ကိုင်းတိုင်းအတွင်း မိုးမိစပါးခင်းများ ရိတ်သိမ်းခမြင့်တက်နေ

ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ မိုးစပါးရိတ်သိမ်းချိန် အောက်တိုဘာလ စတုတ္ထပတ်က မိုးဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် စပါးပင်များရိတ်သိမ်းရန် ရိတ်သိမ်းခမြင့်တက်နေသလို ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းရန်လည်း အခက်အခဲဖြစ်နေကြောင်း သိရပါတယ်။
“ဒီနှစ်မှ ဝါကထပ်၊ မိုးက ကောင်းလို့ စိုက်ထားတဲ့ စပါးပင်တွေ ယိုင်လဲခဲ့တယ်။ အပင်တွေ ယိုင်လဲခဲ့တော့ အောက်ပိုင်းက စက်တွေက လည်း မရိတ်ချင်ကြတော့ဘူး။ ကျွန်တော်တို့ကတော့ တစ်ဧက ငွေကျပ် (၆၀၊၀၀၀) ၊ ငွေကျပ် (၇၀,၀၀၀) လည်း ရိတ်ရမှာပါ။ အခုက စပါးရိတ်စက်ကို ငှားလို့မရသေးတာ” လို့ ယင်းဒေသမှ တောင်သူတစ်ဦးက ဆိုပါတယ်။
ပုံမှန်အားဖြင့် စပါးရိတ်သိမ်းရန် ရိတ်သိမ်းခြွေလှေ့စက်ငှားရမ်းပါက တစ်ဧကကို ကျပ် (၄၀,၀၀၀) ဝန်းကျင်သာ ကျသင့်ပြီး ယခုအခါမှာ ကျပ် (၆၀,၀၀၀) အထက် ဈေးပေါက်နေပါတယ်။ ဈေးနှုန်းမြင့်မားနေပေမယ့်လည်း ရိတ်သိမ်းလိုသူ တောင်သူများပြားတဲ့အတွက် စက်သမားများမှာ အငှားလက်မလည်နိုင်အောင် ဖြစ်နေကြောင်း သိရပါတယ်။
“လယ်သမားတိုင်းကိုလည်း ရိတ်ပေးချင်ပါတယ်။ ဒီနှစ်မှာ စပါးက အလဲတွေ ချည်းဆိုတော့ တစ်ရက်လုံးရိတ်မှ ခြောက်ဧကလောက်ပဲ ပြီးတာဆိုတော့ လယ်သမားတွေ ကိုလည်း ရက်ချိန်းမပေးရဲဘူး” ဟု စပါးခြွေလှေ့စက် အငှားလိုက်သူ တစ်ဦးက ပြောပါတယ်။
တချို့တောင်သူများမှာလည်း စက်အငှားမရတဲ့အတွက် လူအားဖြင့် ရိတ်သိမ်းနေကြပြီး တစ်ဧကကို ကျပ် (၅၀,၀၀၀) ကျသင့်တယ်လို့ သိရပါတယ်။ လူအားဖြင့် ရိတ်ရာမှာ ကော်လှိုင်းစည်းခ၊ ခြွေလှေ့ခများပါ ထပ်ဆောင်းပေးရတဲ့အတွက် ပိုမိုကုန်ကျမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။
Ref:MOI / Photo:kubotamm





Leave a Reply

Your email address will not be published. Required fields are marked *