ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၇) မြို့နယ်၌ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ပဲမျိုးစုံ စိုက်ဧက (၆၈၇,၀၆၆) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် နိုဝင်ဘာလကုန်အထိ ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှု အနေဖြင့် မုံရွာခရိုင်အတွင်း (၈၂,၃၃၃) ဧက၊ စစ်ကိုင်းခရိုင်အတွင်း (၉၈,၆၉၇) ဧက၊ ယင်းမာပင်ခရိုင်အတွင်း (၁၂၉,၉၃၁) ဧက၊ ကသာခရိုင်အတွင်း (၃၀,၅၆၄) ဧကနှင့် ကလေးခရိုင်အတွင်း (၅၉,၇၄၃) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ဆက်လက်ပြီး တမူးခရိုင်အတွင်း (၁,၉၆၅) ဧက၊ ကန့်ဘလူခရိုင်အတွင်း (၉၈,၆၁၇) ဧက၊ မော်လိုက်ခရိုင်အတွင်း (၈,၆၀၁) ဧက၊ ခန္တီးခရိုင်အတွင်း (၁,၂၁၆) ဧကနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၃) ဧကတို့အား စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ စိုက်ပျိုးရာတွင် လျာထားချက်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် သီးနှံခင်းများ အောင်မြင်ဖြစ်ထွန်းဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်များက အသိပညာပေးမှုများ လုပ်ဆောင်ပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက MOI သို့ ပြောဆိုထားသည်။
“စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတွေက တောင်သူတွေ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်တွေရရှိဖို့ ပိုးမွှားကင်းတဲ့သီးနှံတွေ အောင်မြင် ဖြစ်ထွန်းဖို့၊ ဓာတုလျော့ချ သုံးစွဲနိုင်ရေးသဘာဝမြေသြဇာ၊ ပိုးသတ်ဆေးတွေသုံးစွဲ စိုက်ပျိုး ကြဖို့ကို စိုက်ခင်းတွေအရောက် သွားပြီး အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေတယ်” ဟု ၎င်းက ဆိုသည်။
Ref: MOI