BREAKING NEWS

COVID ကာလအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုလုပ်ငန်းများ အရင်နှစ်ထက်ပိုမိုကျဆင်း

COVID-19 ကာလအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်ပို့ဆောင်ရေး လုပ်ကိုင်ရာတွင် နှစ်ဖက် BCF Zone မှာသာ ကုန်ပစ္စည်း အချိန်ပြောင်းလုပ်ရပြီး အကန့်အသတ်များဖြင့် ကုန်သွယ်ခွင့်ရတဲ့အတွက် ပို့ကုန်ရော သွင်းကုန်မှာပါ အရင်နှစ်တွေထက် လျော့ကျနေတယ်လို့ သိရပါတယ်။

ယခုနှစ် အောက်တိုဘာ ၁ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၉၉ သန်းသာ ကုန်သွယ်နိုင်တဲ့အတွက် အရင်နှစ်ကာလတူက ကုန်သွယ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၁၁၆ သန်းနှင့်နှိုင်း ယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၀၁၀ သန်း ကုန်သွယ်မှုလျော့ကျနေခဲ့ပါတယ်။

ကုန်သွယ်မှုလုပ်ဆောင်ရာမှာ ထိုင်းနိုင်ငံဘက်ကရော မြန်မာနိုင်ငံဘက်ကပါ ကုန်ပစ္စည်းကို ထပ်ဆင့်ချိန်းပြောင်း နေရ၍ အချိန်ကြာမြင့်သလို မြန်မာပြောင်းဆန်များကို အခွန်လွတ်တင်ပို့ခွင့်မရခြင်းကြောင့်လည်း ပို့ကုန် လျော့ကျ လာကာ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ အမေရိကန်ဒေါ်လ ၁၇ ဒသမ ၁၃၂ သန်းသာ ကုန်သွယ်နိုင်ခဲ့ပါတယ်။ ထိုင်းကုန်ပစ္စည်းများ မြန်မာနိုင်ငံဘက်သို့ တင်သွင်းရာမှာလည်း တစ်လနှင့် ခြောက် ရက်အတွင်း ဒေါ်လာ ၅ဝ ဒသမ ၂၆၇ သန်းသာ တင်သွင်းနိုင်ခဲ့ပါတယ်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် ထိုင်းနိုင်ငံအစိုးရက နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်တဲ့ အနေဖြင့် အခွန်နှုန်းကို ၇၅ ရာခိုင်နှုန်းအထိ မြှင့်ထားတဲ့အတွက် မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆန်များ တင်ပို့နိုင်ခြင်းမရှိဘဲ ကြက်သွန်၊ ငရုတ်နှင့် CMP ချုပ်ထည်များကိုသာ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ဒါ့အပြင် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအား လျော့ကျနေတဲ့ ထိုင်းကုန်စည် တင်သွင်းမှုမှာလည်း လျော့ကျလျက်ရှိ နေပါတယ်။

COVID-19 အရေးပေါ်ကာလအဖြစ် မတ် ၂၁ ရက်မှ စတင်၍ ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည်သွားလာမှု ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ၊ နယ်စပ် ကုန်သည်များက ညှိနှိုင်း၍ အမှတ် (၂ ) ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုထားသော်လည်း မြန်မာ့ လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိသာ တင်ပို့ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်တဲ့အတွက် နိုင်ငံသား အကျိုးစီးပွား ကာကွယ်တဲ့အနေနဲ့ အခွန်နှုန်းများစွာ မြှင့်ထားသဖြင့် အခုခါမှာတော့ ပြောင်းဆန်များ တင်ပို့နိုင်ခြင်း မရှိကြောင်း သိရပါတယ်။

Lin Lin





Leave a Reply

Your email address will not be published. Required fields are marked *