BREAKING NEWS

ပြည်ပဝယ်လိုအားနည်း၍ ကြက်သွန်နီဈေး အနည်းငယ်ကျဆင်း

နိုဝင်ဘာ ၁၈
ကြက်သွန်နီကို ပြည်ပဈေးကွက်အနေဖြင့် တရုတ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ တင်ပို့နေရာ ဘင်္ဂလားဒေ့ရှ်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုကြောင့် ပြည်ပဝယ်လိုအားနည်းလားပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းကဲ့သို့ ကြက်သွန်နီဈေးနှုန်း ကျဆင်းမှုနှင့် ပတ်သက်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံများအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးဦးက “ပြီးခဲ့တဲ့လပိုင်းက ကြက်သွန်နီ တစ်ပိသာကို တစ်ထောင်ကျော် လောက် ဖြစ်တယ်။ နောက်ပိုင်းကျ ကြက်သွန်က အရည်သွေး ကျလာပြီး လမ်းပန်း ဆက်သွယ်ရေး တွေက ထင်သလောက် ကောင်းမလာတော့ တောင်သူက ရောင်းလာပြီး ကြက်သွန်က အဟောင်းဆိုတော့ ဈေးနည်းနည်း ပြန်အေးလာတာပေါ့။ တစ်ပိသာကို တစ်ရာလောက် ဈေးကျသွားတယ်” ဟု MOI သို့ ပြောဆိုသည်။
ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နွေကြက်သွန်နှင့် မိုးကြက်သွန်ဟူ၍ နှစ်မျိုးခွဲကာ စိုက်ပျို့လေ့ရှိပြီး နွေကြက်သွန်ကို တစ်နှစ်ပတ်လုံး သိုလှောင်ရောင်းချလေ့ရှိကာ မိုးကြက်သွန်ကို ပေါ်ထွက်သည်နှင့် ရောင်းချလေ့ရှိသည်။
“အစောပိုင်းမှာ ရောင်းလိုက်ရတဲ့ တောင်သူတွေက အဆင်ပြေကြတယ်။ ဈေးရတယ်။ တစ်ပိသာ တစ်ထောင်ကျော် ရောင်းရတယ်။ လှောင်လိုက်တဲ့တောင်သူကျ ဈေးက တဖြည်းဖြည်း အေးသွားတော့ ရှုံးကြတယ်။ ဒီလပိုင်းမှာ နည်းနည်းပြန်တက်လာတော့ နည်းနည်း အဆင်ပြေလာကြတယ်။ ဒီနှစ် ကြက်သွန်နီ စိုက်တဲ့ တောင်သူတွေ အနေနဲ့ မကိုက်ကြဘူးပေါ့” ဟု ၎င်းက ဆိုသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *