BREAKING NEWS

အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ (၁၅) နိုင်ငံပါဝင်သည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှု သဘောတူစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ရေးထိုး

နိုဝင်ဘာ ၁၆
ကိုရိုနာဗိုင်းရပ်ပိုးကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ (၁၅) နိုင်ငံပါဝင်လက်မှတ်ရေးထိုးကြရာ မြန်မာနိုင်ငံလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူစာချုပ်ကို ယမန်နေ့နံနက် (၁၀) နာရီက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဗီဒီယိုကွန်ဖရင့် ကျင်းပပြီးစီးစဉ် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ဆက်လက်ကျင်းပကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံအပြင် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများပါ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ယမန်နေ့ညက ထုတ်ပြန်ခဲ့သည်။
စာချုပ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသရှိ (၁၅) နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုပြီး ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုသဘောတူစာချုပ် ဖြစ်လာကြောင်း သိရှိရသည်။
ယခုသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က “အခုလို ရှစ်နှစ်အကြာ ကြိုးပန်းဆောင်ရွက်မှုဖြစ်တဲ့ ဒေသတွင်းဘက်စုံပူးပေါင်း ဆောင်ရွက်မှုကို ဒီနေ့ တရားဝင် အကောင်အထည်ဖော် လက်မှတ်ရေးထိုးနိုင်ခဲ့တာကို ကျနော် တစ်ကယ်ကို ကြည်နူးမိပါတယ်” ဟု ပြောကြားခဲ့သည်။





Leave a Reply

Your email address will not be published. Required fields are marked *