BREAKING NEWS

တရုတ်မှ ရေထွက်ကုန်ဝယ်ယူမှု ရပ်ဆိုင်းထား၍ မြန်မာ ငါးရှဥ့်၊ ဂဏန်းကုန်သည်များ အခက်ကြုံ

နိုဝင်ဘာ ၃
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်း အမျိုးမျိုးကို (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တင်ပို့လျက်ရှိရာ အောက်တိုဘာ ၁၅ ရက်မှ စတင်ပြီး တရုတ်ဝယ်လက်များက ရေထွက်ကုန်များဝယ်ယူမှုကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားသောကြောင့် မြန်မာအဝယ်ဒိုင်များနှင့် ကုမ္ပဏီများမှာ အရှုံးပေါ်နေကြောင်း သိရသည်။
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးမှ ထွက်ရှိသော ရေခဲငါး၊ ကဏန်း(အရှင်)၊ ငါးရှဥ့်(အရှင်)၊ ငါးဟောက်(အရှင်)၊ ငါးလင်ဗန်း(အရှင်)၊ ငါး၊ ပုစွန်နှင့် အခြား ရေထွက်ကုန်ပစ္စည်း အမျိုးမျိုးကို တရုတ်နိုင်ငံသို့ တင်ပို့နေရာမှ ယခုအခါ ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ယခုလို ယာယီရပ်ဆိုင်းခြင်းနဲ့ ပတ်သက်ပြီး မူဆယ်(၁၀၅)မိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သန်းက “တရုတ်အစိုးရက ပိတ်ထားတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံထဲမှာရှိတဲ့ ရေထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေးသမားတွေ၊ ကုန်သည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာဘက်က ရေထွက်ကုန်လုပ်ငန်းရှင်တွေကို ကြိုတင်အသိပေးချိတ်ဆက်ပြီး ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်” ဟု ပြောသည်။
ယခုလို ရေထွက်ပစ္စည်းဝယ်ယူမှု ရပ်ဆိုင်းထားသောကြောင့် မြန်မာပြည်တွင်းရှိ ကုန်သည်များတင် မကဘဲ တစ်နိုင်တစ်ပိုင် ငါးရှဥ့်၊ ကဏန်းရှာဖွေရောင်းချသူများပါ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ အလားတူ တရုတ်ဝယ်လက်များမှာလည်း ရေထွက်ပစ္စည်းအရောင်းအဝယ် ပြန်လည်ဖြစ်မည့်နေ့ကို စောင့်ဆိုင်းနေကြောင်း သိရသည်။
“ရေထွက်ကုန်ပစ္စည်းတွေ ပြန်လည်ဝယ်ယူမယ့်နေ့ကိုတော့ တရုတ် ရေထွက်ကုန် လုပ်ငန်းရှင်တွေက ပြန်လည်အကြောင်းကြားပေးမယ်လို့ ပြောထားပါတယ်။ လောလောဆယ်မှာတော့ တရုတ်ဘက်က ဝယ်ယူခြင်းမရှိသေးတဲ့အတွက် ရေထွက်ကုန်ပစ္စည်းတွေကို အောက်ပိုင်းမှာပဲ ပြန်လည်ရောင်းချနေကြတာ ဖြစ်ပါတယ်” ဟု ဦးမြင့်သန်းက ပြောဆိုသည်။
Ref:myanmaalinnnews





Leave a Reply

Your email address will not be published. Required fields are marked *