BREAKING NEWS

နှမ်းကို တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူနေ

အောက်တိုဘာ ၂၉
မြန်မာနိုင်ငံထွက်နှမ်းကို တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်းချရမှာ တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရသည်။
“နှမ်းနက်ကတော့ စပေါ်နေပြီး သူတို့လိုချင်တာလေးတွေရှိတာကြောင့် ဈေးလေးတွေ မြင့်တက်နေပါတယ်။ နှမ်းပစ္စည်းကောင်းက လက်ရှိမှာ နှစ်သိန်းလေးထောင်လောက်ဖြစ်တယ်။ အဲထက်တစ်ဆင့်နိမ့်တဲ့ အလတ်တန်းပစ္စည်းလေးတွေကျ တစ်သိန်းရှစ်ထောင်လောက်ထိ ဖြစ်သွားတာပေါ့။ နှမ်းကို အခု လောလောဆယ် တရုတ်ဘဲ အများဆုံးတင်တာ” ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ ဒုတိယဥက္ကဌ ဦးချွန်က MOI သို့ ပြောသည်။
လက်ရှိ နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းဖြူ ၄၅ ပိဿာလျှင် ၁၁၅,၀၀၀ ကျပ်မှ ၁၂၅,၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းဖြူ(Japan) ၄၅ ပိဿာလျှင် ၁၂၈,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းညို ၄၅ ပိဿာလျှင် ၁၀၀,၀၀၀ ကျပ်မှ ၁၀၇,၀၀၀ ကျပ်ဝန်းကျင်၊ ဆောင်းနှမ်းနက် ၄၅ ပိဿာလျှင် ၁၂၃,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းနက်(စမုန်) ၄၅ ပိဿာလျှင် ၁၉၀,၀၀၀ ကျပ်မှ ၂၀၂,၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဝယ်ယူရာတွင် ပစ္စည်းကောင်း ရွေးချယ်ဝယ်ယူမှု များလာသောကြောင့် ပစ္စည်းအကောင်းနှင့် အလတ် ဈေးနှုန်းကွာဟမှုမှာ နှစ်သောင်းလောက်အထိ ဖြစ်လာကြောင်းလည်း ဦးချွန်က ဆက်လက်ပြောဆိုသည်။
“အရင်ကထက်ဆိုင်ရင် ပစ္စည်းကောင်းတာလေးဘဲ ရွေးဝယ်နေတဲ့အတွက် အကောင်းစားနဲ့ အလတ်စားက ဈေးကွာတာများတယ်။ နှစ်သောင်းထိကွာတယ်။ ခါတိုင်းပုံမှန်ဆို ခုနစ်ထောင် တစ်သောင်းလောက်ဘဲ ကွာတာကို အခုကျ ပစ္စည်းအကောင်းနဲ့ အလတ်ကို နှစ်သောင်းလောက်ထိ ကွာသွားတယ်” ဟု ၎င်းက ပြောသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *