BREAKING NEWS

မြဝတီဝင်ပေါက်တွင် နှစ်နိုင်ငံဝင်ထွက်ခွင့်ကန့်သတ်ထားသောကြောင့် ထိုင်းသွင်းကုန်များ ဈေးတက်လာမည်ကို စိုးရိမ်နေရ

အောက်တိုဘာ ၂၁
မြဝတီ-မဲဆောက်နယ်စပ်တွင် ကုန်တင်ကားမောင်းသူ (၃) ဦးနှင့် မဒီနာရပ်ကွက်တွင် နေထိုင်သူ (၅) ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိသောကြောင့် နှစ်နိုင်ငံဝင်ထွက်ခွင့် မူလက ကန့်သတ်ထားရာမှာ ထပ်မံပြီး တစ်ပတ်ကြာ လုံးဝရပ်ဆိုင်းလိုက်သည့်အတွက် ထိုင်းသွင်းကုန်များ ဈေးတက်လာမည့်အရေးကို စိုးရိမ်နေရသည်။
မြဝတီ-မဲဆောက် ကုန်သွယ်ရေးအား အောက်တိုဘာ ၁၁ ရက်နေ့က စတင်ကာ နှစ်နိုင်ငံအဝင်အတွင်းမှာသာ ကုန်ပစ္စည်းတွေ အချိန်းအပြောင်းပြုလုပ်ပြီး တင်သွင်း၊ တင်ပို့မှုတွေ ပြုလုပ်နေရသည့်အပြင် နှစ်နိုင်ငံအဝင်အထွက်ကိုလည်း ကန့်သတ်ထားသောကြောင့် ကုန်သွယ်ရေးအနေအထားမှာ မူလမှ (၃၅ – ၅၀) ရာခိုင်နှုန်းအတွင်းသာ ကုန်သွယ်နေရသည့် အခြေအေနမျိုး ကြုံတွေ့ခဲ့ရကြောင်း မြဝတီနယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က AMIA သို့ ပြောသည်။
ထပ်မံပြီး နယ်စပ်ကုန်သွယ်မှု ဒုတိယအများဆုံးဆောင်ရွက်နေသည့် မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားတွင် နှစ်နိုင်ငံကုန်သွယ်မှုကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီကစပြီး အောက်တိုဘာ ၂၅ ရက်နေ့အထိ ၇ ရက်တာ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က MDN သို့ ပြောဆိုထားသည်။
သို့သော် ကုန်သွယ်မှု လုံးဝမရပ်တန့်ကြောင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က AMIA သို့ ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။ “ကုန်သွယ်မူက တော့မရပ်သေးဘူး ဒါပေမဲ့ အဝင်အထွက်ကားတွေ နည်းသွားတယ်။ မြဝတီမှာ ခေါက်တိုကား အရေအတွက် နည်းတာကြောင့် ကုန်သည်တွေ အခက်တွေ့နေရတယ်။ မြဝတီကနေ ပြည်မကို တိုက်ရိုက်သွားနေတာဆိုတော့ သွင်းကုန်တွေတော့ ဈေးတက်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မြဝတီနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ရန်ကုန်ပြည်မအတွင်းသို့ အဓိက ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး ယခင်က မြဝတီနယ်စပ်တွင် ပို့ကုန်-သွင်းကုန်ကား (၅၀၀) ကျော် ဝင်ထွက်သွားလာနေရာမှာ ယခုလက်ရှိတွင် ယာဉ်စီးရေ (၁၀၀) ကျော်သာ ကုန်သွယ်မှု ပြုလုပ်နေကြောင်း သိရှိရသည်။
Ref: AMIA , MDN Photo: MDN





Leave a Reply

Your email address will not be published. Required fields are marked *