BREAKING NEWS

မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး UNESCO အဖွဲ့မှ လက်ခံဆွေးနွေးမည်

အောက်တိုဘာ ၁၇
မြန်မာ့သနပ်ခါးကို ကမ္ဘာ့အသိအမှတ်ပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် USESCO အဖွဲ့သို့ တင်ပြထားရာ လက်ခံဆွေးနွေးမည်ဟု အကြောင်းပြန်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးသားအမွေအနှစ် ကော်မတီမှ သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လျှောက်ထားမှုအဖြစ် သနပ်ခါးကို ၂၀၂၀ ခုနှစ် မတ်လကတည်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး လိုအပ်သော အချက်အလက်များ တောင်းခံခြင်း၊ သိလိုသည်များကို မေးမြန်းခြင်းတို့ကို ပြုလုပ်ပြီးနောက် ယခုအခါတွင် လက်ခံဆွေးနွေးရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီမှ ဦးရဲမြတ်အောင်က AMIA သို့ ပြောဆိုသည်။
“လက်ခံပြီးတော့ ဆွေးနွေးမယ်ဆိုပြီး အကြောင်း ပြန်တယ်။ အဲ့ထဲမှာရှိတဲ့ ကဗျာစာသားတွေက သူတို့နားမလည်လို့ ဘာသာပြန်တာတွေ လုပ်ခိုင်းတယ်။ ဒါတွေ ကို အချောပြန်ပေးပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပညာရှင်တွေပါတဲ့ အကဲဖြတ် အဖွဲ့ကနေမှ ဒါကိုစစ်ဆေးမှာပေါ့” ဟု ဦးရဲမြတ်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင်း ဒေသအသီးသီးတွင် ပဏာမ စာရင်းကောက်ထားမှုများအရ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ၂,၂၁၇ ခုရှိရာမှ မြန်မာ့သနပ်ခါးကို ယူနက်စကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဦးရဲမြတ်အောင်က ဆက်လက်ပြောဆိုသည်။
မြန်မာ့သနပ်ခါးသည် UNESCO 2003 ကွန်ဗန်းရှင်းပါ သတ်မှတ်ချက် Domain (၅) ခုလုံးနှင့် အကျုံးဝင်ခြင်း၊ တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာ တစ်ရပ်အဖြစ် ကိုယ်စားပြုခြင်း၊ မိမိတို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ကိုယ်စားပြု တန်ဖိုးထား၊ မြတ်နိုးထိန်းသိမ်း ထားရှိသည့်အတွက် မိမိတို့ တစ်မျိုးသားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့် နေ့စဉ်လူနေမှု ဘဝများတွင် အရေးပါသည့် နေရာမှာ ပါဝင်နေသည့်အပြင် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီနေသည့်အတွက် အမည်စာရင်း တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Ref: AMIA / Photo: MDN





Leave a Reply

Your email address will not be published. Required fields are marked *