BREAKING NEWS

ပုပ္ပါးထွက်ဩဇာသီးများ ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်သာ အားထားရောင်းချနေရ

အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ ဩဇာသီးများလှိုင်လှိုင်ပေါ်သည့် ရာသီဖြစ်နေသော်လည်း COVID-19 ကူးစက်ရောဂါကြောင့် လာရောက်ဝယ်ယူသည့် ပွဲစားများမရှိသည့်အတွက် ပခုက္ကူဈေးကွက်နှင့် ညောင်ဦးဈေးကွက်တို့ကိုသာ အဓိကထားရောင်းချနေရကြောင်း သိရသည်။
ယခုနှစ်ဩဇာသီးထွက်ရှိချိန် ရန်ကုန်ဈေးကွက်နှင့် မန္တလေးဈေးကွက်သို့တင်ပို့ ရောင်းချနိုင်ခြင်းမရှိသောကြောင့် အနီးအနားမြို့များသို့ ကိုယ်တိုင်သွားရောက်ရောင်းချခြင်းနှင့် ဩဇာသီးပွဲစားများ လာရောက်ဝယ်ယူချိန်တို့ကိုသာ အားကိုး ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ၌ ဩဇာခြံစိုက်ပျိုးထားသည့် ဦးညွန့်ဝင်းက MOI သို့ပြောဆိုသည်။
ယမန်နှစ်က ဩဇာသီးသုံးဆယ်ပါ သေတ္တာတစ်လုံး ၁၅၀၀ ကျပ်ဖြင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ဈေးကွက်ပျက်ကာ ဩဇာသီး အလုံး ၂၈၀ ခန့်ပါ ခြင်းကြားတောင်းတစ်လုံးလျှင် တစ်သောင်းခြောက်ထောင်ကျပ်ဖြင့် တောင်းပြတ်ရောင်းချနေရကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ လွန်အိုင်၊ ဘိုတဲ၊ ဆင်ဆင်း၊ ဆုံကုန်း၊ ဆည်ပေါက်၊ ပုပ္ပား၊ ပုပ္ပားလွင် ကျေးရွာများသည် ဩဇာသီးအမြောက်အများထွက်သည့်ကျေးရွာများဖြစ်ပြီး သဘာဝအတိုင်း စိုက်ပျိုးရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *