BREAKING NEWS

ပဲတီစိမ်းနှင့် ပဲပုပ်သီးနှံများကို စက်ဖြင့်စိုက်ပျိုးခြင်း သုတေသနပြုလုပ်

အောက်တိုဘာ ၁၃
COVID-19 ကာလအတွင်း လုပ်သားရှားပါးမှု အခက်အခဲများအား ပြေလည်စေရန်အတွက် ပဲတီစိမ်းနှင့် ပဲပုပ်သီးနှံများအား စက်ဖြင့် စိုက်ပျိုးခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ အောက်တိုဘာ (၉) ရက် နံနက်ပိုင်းက လက်တွေ့သုတေသနပြုလုပ် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စက်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် ပဲတီစိမ်းမျိုးစေ့ (၄) ပြည်နှုန်း၊ ပဲပုပ် (၁၁ မှ ၁၂) ပြည်နှုန်း ကုန်ကျမည်ဖြစ်ပြီး၊ တစ်ဧက စိုက်ပျိုးပြီးစီးရန် အချိန် တစ်နာရီခွဲမှ နှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပြောသည်။
ပဲတီစိမ်းနှင့် ပဲပုပ်သီးနှံများအား စက်ကိုအသုံးပြု၍ မျိုးစေချစိုက်ပျိုးခြင်း သုတေသနသည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KOPIA) ၏ အကူအညီဖြင့် ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် စက်ဖြင့်စိုက်ပျိုးနိုင်သည့် မျိုးစေ့ချကိရိကို အသုံးပြုစိုက်ပျိုးခြင်းဖြစ်ကြောင်း ယင်းဌာန ထုတ်ပြန်ချက်အရ သိရသည်။
စိတ်ပါဝင်စားသူ တောင်သူများအနေဖြင့် ပဲတီစိမ်း၊ ပဲပုပ်နှင့် ကုလားပဲသီးနှံများအား စက်ဖြင့် မျိုးစေ့ချ စိုက်ပျိုးခြင်း၊ ကြားထွန်လိုက်ခြင်းနှင့် ရိတ်သိမ်းခြင်းများ ဆောင်ရွက်လိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစု တာဝန်ခံ ဒေါ်မြတ်နွယ်နွယ် (ဖုန်း- ၀၉၄၅၀၄၅၅၁၈၉) နှင့် သုတေသနတာဝန်ခံ ဒေါက်တာမာမာဝင်း (ဖုန်း- ၀၉၄၃၀၉၇၂၁၁) တို့နှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
Ref: စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR-ရေဆင်း)





Leave a Reply

Your email address will not be published. Required fields are marked *