BREAKING NEWS

ငရုတ်စိမ်းဈေး ထက်ဝက်ခန့်ကျဆင်းနေသဖြင့် ငရုတ်ခြောက်အဖြစ်သာ ရောင်းမည်ဟု တောင်သူများဆို

ရန်ကုန်၊ စက်တင်ဘာ ၇
ပြည်တွင်း၌သာ အရောင်းအဝယ် ပြုလုပ်နိုင်ခြင်းကြောင့် ငရုတ်သီးဈေးနှုန်းမှာ တစ်ပိဿာကို ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းနေပြီး ၎င်းအချက်ကြောင့် တောင်သူများမှာ အစိုခူးဆွတ် ရောင်းချခြင်းမပြုတော့ဘဲ ငရုတ်ခြောက်အဖြစ်သာ ထားရှိတော့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိပြည်တွင်းဈေးကွက်အတွင်း ငရုတ်အမျိုးအစားအလိုက် ကျောက်စိမ်းဘုတို၊ အရှည်၊ မိုးထောင်ငရုတ် အတို၊ အရှည် အခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃,၀၀၀ မှ ၅,၀၀၀ ကြား ပေါက်ဈေးရှိနေသည်။
ကိုဗစ် ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း လမ်းပန်းဆက်သွယ်မှုကဏ္ဍမှာ နှေင့်နှေးကြန့်ကြာမှုများ ရှိနေခြင်း၊ ငရုတ်သီးအစိမ်း အဓိက ဝယ်လက်ဖြစ်သည့် ထိုင်းနှင့် တရုတ်နိုင်ငံတို့က လျော့နည်းစွာ ဝယ်ယူလာခြင်းတို့ ကြောင့် ပြည်တွင်းဈေးကွက်၌သာ အရောင်းအဝယ် ရှိလာနေ၍ ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း AMIA က သတင်းဖော်ပြခဲ့သည်။
ပြင်တွင်းကုန်စည်စီးဆင်းမှု နှေးကွေးခြင်းနှင့် ပတ်သက်၍ မန္တလေး ကုန်စိမ်းကုန်သည် ဦးနေလင်းစိုးက “အခုက ကုန်တင်ယာဉ်မောင်းတွေကလည်း ကုန်သယ်ယူ ပို့ဆောင်ဖို့ ငြင်းလာကြတယ်။ ကိုဗစ်က ပြန်လည်မြင့်တက်လာတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ချမှတ်ထားတဲ့ စည်းကမ်းတွေအရနဲ့ ကူးစက်မှာ ကြောက်လာကြတာပေါ့” ဟု ဆိုသည်။
မြန်မာ့ငရုတ်ဈေးကွက်အတွင်း ယခင်လအတွင်း ထိုင်းနိုင်ငံသို့ ငရုတ်အစိုတင်ပို့မှု ယာယီရပ်နားခဲ့ချိန်မှ စတင်ကာ ငရုတ်သီးဈေးကျဆင်းခဲ့ပြီး ပြည်တွင်း၌ စုပုံနေခြင်းလည်း ဖြစ်သည်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *