BREAKING NEWS

မတ်ပဲနှင့် ပဲကြီး ဈေးပိုလာပြီး မြေပဲဆန် ဈေးပြန်မြင့်လာတဲ့ ပြည်ပဲဈေးကွက်

ဩဂုတ် ၂၄
ယခုတစ်ပတ် ပြည်ပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲနှင့် ပဲကြီး ဈေးနှုန်း အနည်းငယ်တက်လာပြီး မြေပဲဆန် ဈေးနှုန်း ပြန်လည်မြင့်တက်လာကာ အခြားပဲများအားလုံး ဈေးငြိမ်နေကြောင်း သိရသည်။
ပြည်ဈေးကွက်သို့ မိုးမြေပဲအသစ်များကို ပန်းတောင်းနှင့် ရွှေတောင်ဘက်မှ အဝင်ရှိ၍ အတောင့်တစ်ပြည်လျှင် ၁,၀၀၀ ကျပ်မှ ၁,၂၀၀ ကျပ်ခန့်အထိ ရောင်းချရနေသည်။ မြေပဲဆန်(ဆီဆန်) များအား ဆီစက်အဝယ်လိုက်သဖြင့် ဆီဆန် (အဖြူ) တစ်ပိဿာကို ၂,၅၅၀ မှ ၂,၆၀၀ ကျပ်အထိ ဈေးမြင့်လာပြီး ဆီဆန် (အနီ) တစ်ပိဿာလျှင် ၂,၆၀၀ မှ ၂,၆၅၀ အထိ ဈေးနှုန်း မြင့်တက်လာသည်။ လုံးဆန်မှာမူ ရန်ကုန်ဝယ်လက် အဝယ်လိုက်သဖြင့် လုံးဆန် (အဖြူ) တစ်ပိဿာကို ကျပ် ၃,၀၀၀ အထိ ဈေးရရှိနေပြီး လုံးဆန် (အနီ) တစ်ပိဿာကို ၃,၁၀၀ ကျပ်အထိ ဈေးရရှိကာ ယခင်တစ်ပတ်ထက် ဈေးနှုန်းမြင့်မားလျက် ရှိနေသည်။
မတ်ပဲမှာမူ တစ်တင်းလျှင် ၃၁,၇၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက် တစ်ထောင်ကျပ်ခန့် ဈေးပိုရနေသည်။ ပဲကြီးမှာလည်း ပဲကြော်ဖိုလုပ်ငန်းများအပြင် ရန်ကုန်၊ မန္တလေးဝယ်လက်သမားများပါ ရှိလာသောကြောင့် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၂,၀၀၀ ကျပ်နှင့် ပဲကြီး (ကမ်းနား) တစ်တင်း ၂၈,၀၀၀ ကျပ်တို့ဖြင့် အသီးသီး ရောင်းဝယ်နေကြောင်း သိရှိရသည်။
Ref: commerce





Leave a Reply

Your email address will not be published. Required fields are marked *