BREAKING NEWS

အိန္ဒိယနိုင်ငံတွင်း အရောင်းအဝယ်မတည်ငြိမ်မှုများကြောင့် မြန်မာပြည်တွင်း မတ်ပဲဈေးနှုန်းကျဆင်းနေ

ဩဂုတ်
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့လျက်ရှိနေသော်လည်း အိန္ဒိယနိုင်ငံတွင်း COVID-19 ‌ရောဂါ ပျံ့နှံ့မှုတွေကြောင့် အရောင်းအဝယ်တည်ငြိမ်မှုမရှိတဲ့အတွက် မြန်ပြည်တွင်း မတ်ပဲဈေးနှုန်းများမှာ တစ်တန်လျှင် နှစ်သောင်းနှုန်းခန့် ကျဆင်းနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်အထိ မတ်ပဲတစ်တန်ကို ကျပ်ငွေ (၉၇၀,၀၀၀) ဝန်းကျင်အထိ ဈေးရရှိခဲ့ပေမယ့် ဩဂုတ်လဆန်းပိုင်းမှာတော့ တစ်တန်ကို ကျပ်ငွေ (၉၅၀,၀၀၀) ခန့်သာ ဈေးရရှိတော့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
“ဝယ်ယူမူက ရပ်လိုက်ဝယ်လိုက် ဖြစ်နေတယ်။ တင်ပို့မူကို အရင်ကာလတူနဲ့ ယှဉ်ကြည့်ရင်လဲ အဲ့လောက်မကျဘူး။ ကိုဗစ် ပြင်းထန်တဲ့ ‌ခြောက်လပိုင်း၊ ခုနှစ်လ ပိုင်းလောက်မှာ ပြန်ကျသွားသလို ဖြစ်နေတယ်” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး မင်းကိုဦးက AMIA သို့ ပြောဆိုထားတာကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံထွက် မတ်ပဲတန်ချိန် (၄၀၀,၀၀၀) ကိုတာစနစ်ဖြင့် ဝယ်ယူတင်သွင်းဖို့ လျာထားပေမယ့် တင်သွင်းခွင့်ကို ဩဂုတ်လကုန်အထိသာ သတ်မှတ်ပေးထားပါတယ်။ မြန်မာနိုင်ငံဘက်မှ လက်ရှိ တန်ချိန် (၅၀,၀၀၀) ခန့်သာ တင်သွင်းထားရသေးတဲ့အတွက် ဒီနှစ်အတွက် အလွန်ဆုံးတင်ပို့နိုင်ပါက သတ်မှတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းဝန်းကျင်သာ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ မတ်ပဲလက်ကျန် တန်ချိန် (၂၀၀,၀၀၀) မှ (၂၅၀,၀၀၀) အထိ ကျန်ရှိနေမှာ ဖြစ်တဲ့အတွက် မတ်ပဲတင်ပို့ခွင့်ကို ရက်တိုးပေးဖို့အတွက် တောင်းဆိုထားကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *