BREAKING NEWS

လယ်ယာလုပ်သားရှားပါးလာမှု ပြဿနာကို တစိတ်တပိုင်းဖြေရှင်းနိုင်မည့် ကြားပေါင်းလိုက်စက်

ရန်ကုန်၊ ဩဂုတ် ၃
စပါးစိုက်ပျိုးရာမှာ အထွက်နှုန်းများလာစေဖို့နဲ့ လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးလာမှု အခက်အခဲများကို ပြေလည်စေဖို့အတွက် ကြားပေါင်းလိုက်စက် (Power Weeder) ကို အသုံးပြုခြင်းအားဖြင့် လယ်တစ်ဧကကို လုပ်သားတစ်ဦးတည်းဖြင့် လုပ်ဆောင်မှာ ဖြစ်ကြောင်း ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရပါတယ်။
ပုံမှန်အားဖြင့် လယ်တစ်ဧကကို လုပ်သား (၁၀) ဦးဝန်းကျင်သုံးပြီး ကြားပေါင်းလိုက်ရမှာ ဖြစ်ပေမယ့် ကြားပေါင်းလိုက်စက်ကို သုံးခြင်းအားဖြင့် တစ်ဦးတည်းနဲ့ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် လယ်လုပ်သားရှားပါးလာမှု အခက်အခဲတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှုးဖြစ်သူ ဦးစိုးနိုင်က ပြောပါတယ်။
ယင်းကဲ့သို့ စက်အသုံးပြုခြင်းဖြင့် စပါး စိုက်ခင်းတွေမှာ ပေါင်းမြက်များ ကင်းရှင်းစေခြင်း၊ တမန်းများ ပြန်လည်နှိုးပေးခြင်းအားဖြင့် စပါး ပင်၏ အမြစ်များ သန်မာထွားကြိုင်းလာစေမည်ဖြစ်ကာ ပင်ပွားနှုန်းကောင်းခြင်းနှင့် ပင်ပွားနှုန်းတိုးလာခြင်းကြောင့် စပါးအထွက်နှုန်းများလည်း တိုးတက်လာစေမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
ကြားပေါင်းလိုက်စက်ကို တောင်သူတွေ ရင်းနှီးစေဖို့အတွက် ဩဂုတ် ၁ ရက်နေ့က မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန အစီအစဉ်ဖြင့် ယင်းမြို့နယ်အတွင်းရှိ ရေပေါ်သောင်ကျေးရွာ၊ စနစ်ကျလယ်ယာမြေကွင်းမှာ လက်တွေ့ မောင်းနှင်ပြသမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *