BREAKING NEWS

ကန့်ဘလူမြို့နယ်တွင်း မိုးခေါင်တဲ့အတွက် အစေ့ထုတ်ပြောင်းစိုက်တောင်သူတွေ နွားစာအဖြစ် ခုတ်ကျွေးနေရ

ဩဂုတ် ၂
ကန့်ဘလူမြို့နယ်၊ ဂါးထာကျေးရွာအုပ်စုအတွင်းက ပြောင်းစိုက်တောင်သူတွေမှာ မိုးခေါင်မှုဒဏ်ကြောင့် ယခုနှစ် ဧပြီလကတည်းက စိုက်ပျိုးထားတဲ့ အစေ့ထုတ်ပြောင်းပင်တွေ ခြောက်သွေ့ကုန်တဲ့အတွက် နွားစာအဖြစ်သာ ခုတ်ကျွေးနေရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းမှာ အစေ့ထုတ်ပြောင်းသီးနှံ ဧက ၆၀,၉၁၇ စိုက်ပျိုးပြီးစီးထားပြီး မိုးခေါင်နေတဲ့အတွက် ပြောင်းသီးနှံတွေ ခြောက်သွေ့ပျက်စီးမှုတွေ ဖြစ်နေရတာပါ။ “ကျွန်တော် အစေ့ထုတ်ပြောင်း ၁၀ ဧက စိုက်ပျိုးထားပါတယ်။ အခု မိုးခေါင်တဲ့အတွက် ပြောင်းပင်တွေ ခြောက်သွေ့လာပါတယ်။ ပြောင်းဖူးတွေတောင် ထွက်နေပါပြီ။ အစေ့အဆန်မအောင်တဲ့အတွက် နွားစာအဖြစ်သာ သုံးစွဲနေရပါတယ်” လို့ ဂါးထာကျေးရွာအုပ်စုအတွင်း၊ ဆည်ကြီးကျေးရွာမှ တောင်သူ ဦးမြင့်ဝင်းက ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ ၂၀၁၈-၁၉ ခုနှစ်ကလည်း မိုးလိုခြင်း၊ မိုးခေါင်ခြင်းတွေကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး အစိုးရမှ သီးနှံပျက်စီးတောင်သူတွေကို ငွေကျပ် သိန်းပေါင်း ၁၅,၇၂၂ သိန်းကို ယခုနှစ် ဇူလိုင် ၂၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိပါတယ်။
၎င်းနည်းတူ မကွေးတိုင်းဒေသကြီး အတွင်းမှာလည်း မိုးရွာသွန်းမှုနည်းပါးနေတဲ့အတွက် မိုးသီးနှံစပါးနဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံတွေ စိုက်ပျိုးတဲ့ မိုးကောင်းသောက် လယ်မြေတွေနဲ့ အခြားသီးနှံများစွာ စိုက်ပျိုးမှုနောက်ကျနေပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *