BREAKING NEWS

ကျိုက်မရော၊ ရှင်စောပုရပ်ကွက်အတွင်း ဝက်များအစုလိုက် သေဆုံးတဲ့အတွက် ဈေးအတွင်း ရောင်းချခြင်းမပြုဖို့ တားမြစ်ထား

ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်အတွင်းရှိ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးခြံတွေမှာ
မွေးမြူထားတဲ့ ဝက်တွေဟာ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက အစုအပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိုကဲ့သို့ သေဆုံးတာဟာ (၅) ရက်ခန့်ရှိပြီဖြစ်ပြီး တစ်ခြံကို နှစ်ကောင်အထက် သေဆုံးလျက်ရှိနေသလို တချို့ခြံတွေမှာ (၁၄) ကောင်ခန့်ထိ သေဆုံးမှုတွေ ရှိနေတဲ့အတွက် တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ဈေးများအတွင်း ဝက်သားများ ယခုရက်ပိုင်းအတွင်း ရောင်းချခြင်းမပြုဖို့ တားမြစ်ထားကြောင်း MRTV မှ ယနေ့ သတင်းဖော်ပြခဲ့ပါတယ်။
ရှင်စောပုရပ်ကွက်အတွင်းရှိ မွေးမြူရေးခြံများမှ သေဆုံးဝက်များကို စနစ်တကျ မြေမြုပ်ဖျက်ဆီးပြီး အခြားဝက်ခြံတွေကို ကူးစက်ပြန့်ပွားခြင်း မရှိစေဖို့အတွက် ဝက်ခြံအတွင်း ဆေးဖျန်းခြင်းနဲ့ ဝက်ပေါက်တွေကို ကာကွယ်ဆေးထိုးနှံခြင်းတွေ ဆောင်ရွက်ခဲ့ကြောင်း မော်လမြိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။
၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြို့နယ် (၂၃၀) မှ ဝက်နမူနာပစ္စည်း စုစုပေါင်း (၂၇,၃၆၃) ကောက်ယူစစ်ဆေးထားချက်အရ မြန်မာနိုင်ငံအတွင်းမှာ ဝက်တုပ်ကွေးရောဇာ ပျံ့နှံ့ကူးစက်ခြင်းမရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားရှိပါတယ်။
Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *