BREAKING NEWS

အသားဈေးကွက်ပြန်လည် လည်ပတ်လာသော်လည်း ဈေးနည်းနေသေးတဲ့ ပြည်တွင်း ဆိတ်ဈေးကွက်

ဇူလိုင် ၂၇
မြန်မာနိုင်ငံတွင်း COVID-19 စတင်ဖြစ်ပွားချိန်မှ စတင်ကာ ဆိတ်အရောင်းအဝယ် အေးစက်နေခဲ့ရာမှ ယခုသီတင်းပတ်အတွင်း အနည်းအကျင်း ပြန်လည်အရောင်းအဝယ် ဖြစ်လာခဲ့ပေမယ့် ဆိတ်ဈေးနှုန်းအနေနဲ့ တစ်ပေါင်ကို ၁,၄၀၀ ကျပ်မှ ၁,၆၀၀ ကျပ်အတွင်းသာ အရောင်းအဝယ် ဖြစ်နေပါတယ်။
ပြည်ပတင်ပို့ရောင်းချမှု မရှိတဲ့အတွက် မတ်လဝန်းကျင်မှ စတင်ကာ အရောင်းအဝယ် အေးစက်ခဲ့တဲ့ ဆိတ်ဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း မန္တလေး၊ တံတားဦး၊ စဥ့်ကိုင်၊ မိတ္ထီလာ၊ ရေနံချောင်း၊ ချောက်၊ စလင်း စတဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့မှာ အရောင်းအဝယ် အနည်းအကျင်းသာ ဖြစ်ခဲ့ပါတယ်။
ပြည်ပကို မတင်ပို့နိုင်သေးတဲ့အတွက် အသားဈေးကွက်အတွက်သာ ရောင်းချနေရကြပြီး ဈေးလည်း ယခင်လောက် မရကြောင်း တံတားဦးမြို့နယ်မှ ဆိတ်ကုန်သည် ဦးစိုးမြင့်က AMIA သို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။ “ဒါပေမယ့် ဆိတ်ဈေးကွက် အေးနေတာထက်စာရင် အခုလို အရောင်းအဝယ် ပြန်ဖြစ်လာတာက ဆိတ်ဈေးကွက် ရှင်သန်နေတယ်လို့ ဆိုရမှာပဲ” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်း၊ ပြည်ပဆိတ်ဈေးကွက် ရပ်တန့်နေတာမှာ ငါးလကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခင် အရောင်းအဝယ်ဖြစ်တဲ့ ကာလများတုန်းက ဆိတ်သား တစ်ပေါင်ကို ၂,၃၀၀ ကျပ်မှ ၂,၇၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *