BREAKING NEWS

မကွေးတိုင်းဒေသကြီးတွင် ကြက်သွန်နီဈေးနှုန်းကျဆင်း၍ တောင်သူတွေ အရှုံးပေါ်

ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၅၀၀ ‌အောက်အထိ ကျဆင်းနေတဲ့အတွက် ကြက်သွန်နီဈေးအတက် မျှော်လင့်ပြီး လှောင်ထားတဲ့ တောင်သူတွေ အရှုံးပေါ်နေပါတယ်။
ယခင်က ဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၁,၂၀၀ မှ ၁,၃၀၀ အကြား ရှိနေပေမယ့် ယခုလို ဈေးအဆမတန် ကျသွားတဲ့အတွက် တောင်သူတွေတင်မကဘဲ ကြက်သွန်နီလှောင်ထားသူ အားလုံးမှာ အရှုံးပေါ်နေရကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်နီအဝယ်တော် ဦးထွန်းက MOI သို့ ပြောဆိုပါတယ်။
“ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီဈေးကွက်မှာ လက်လီ တစ်ပိဿာ ကျပ် ၅၀၀ နဲ့ လက်ကား တစ်ပိဿာ ကျပ် ၄၀၀ သာရောင်းရပါတယ်” လို့ ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
ကြက်သွန်နီမှာ မင်းဘူးဈေးကွက်အတွင်း ပေါ်ဦးစက တစ်ပိဿာ ၁,၇၀၀ ကျပ်မှ ၁,၈၀၀ ကျပ်အထိကို ဈေးအမြင့် ရှိခဲ့တာ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ ကုန်စည်သယ်ယူပို့ဆောင်ရေးကလည်း မသွက်သလို ဈေးကွက်ဝယ်လိုအားကလည်း သိသာစွာ ကျဆင်းနေပါတယ်။
“ကိုဗစ်-၁၉ ရောဂါကင်းစင်သွားပြီး ကြက်သွန်နီ ပြည်ပဈေးကွက်က ဝယ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ” လို့ ကြက်သွန်နီ အဝယ်တော် ဦးထွန်းက ဆိုပါတယ်။
Ref: MOI / Photo: MRTV





Leave a Reply

Your email address will not be published. Required fields are marked *