BREAKING NEWS

အမေရိကန်နဲ့ ဥရောပဈေးကွက်အထိ ဖြန့်ကျက်လာနိုင်ပြီဖြစ်တဲ့ မြန်မာ့ဂဏန်းပျော့

ဇူလိုင် ၂၁
မြန်မာ့ဂဏန်းပျော့ကို အာဆီယံနိုင်ငံတွေအပါအဝင် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ အရှေ့အလယ်ပိုင်းဒေသ အစရှိတဲ့ ဈေးကွက်တွေကို တင်ပို့ရောင်းချလျက် ရှိနေရာမှာ ယခုနှစ်ပိုင်းအတွင်း အမေရိကန်နဲ့ ဥရောပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်နေပြီ ဖြစ်ပါတယ်။
ယင်းကဲ့သို့ တင်ပို့ရောင်းချရာမှာ Myanmar Earth Food Company မှ ၂၀၁၉ ခုနှစ် ဩဂုတ်လမှ စတင်ကာ ဥရောပဈေးကွက်သို့ တန် (၃၀) တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ တစ်လကို ခြောက်တန် စာချုပ်ချုပ်ကာ တင်ပို့ရောင်းချနိုင်နေပြီဖြစ်ပါတယ်။ အလားတူ ပြည့်ဖြိုးထွန်း၊ ဂဏန်းကမ္ဘာနဲ့ အောင်မိုးခိုင်ကုမ္ပဏီများမှလည်း အမေရိကန်နဲ့ ဥရောပနိုင်ငံများသို့ ဂဏန်းပျော့တွေ မွေးမြူထုတ်လုပ်ပြီး တင်ပို့နိုင်နေပြီလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပတိုက်လုံးဆိုင်ရာ ရေထွက်ပစ္စည်းပြပွဲကြီးသို့ မြန်မာနိုင်ငံအနေဖြင့် တက်ရောက်ပြသခွင့် ရရှိခဲ့ရာမှ ဥရောပဈေးကွက်မှာ မြန်မာဂဏန်းပျော့တွေကို မိတ်ဆက်ရောင်းချရာမှ ယခုလို ဈေးကွက်အသစ်များ စတင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း commerce မှ ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဂဏန်းပျော့မွေးမြူခြင်းလုပ်ငန်းကို လွန်ခဲ့တဲ့ နှစ် (၂၀) ခန့်မှ စတင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်မှာ စတင်ဆောင်ရွက်ခဲ့ကာ လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ တိုးချဲ့လုပ်ကိုင်နေကြပါတယ်။
ဂဏန်းပျော့မွေးမြူရာမှာ မြန်မာ့ကမ်းရိုးတန်းမှာ ပေါက်ဖွားတဲ့ ဂဏန်းငယ်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ မွေးမြူကြခြင်းဖြစ်ပြီး ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် GAqP စနစ်ဖြင့် မွေးမြူထုတ်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတွေမှာလည်း ဥရောပသမဂ္ဂရဲ့ စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ အညီ ခွင့်ပြုချက် ရရှိထားဖို့ လိုအပ်ကြောင်း သိရှိရပါတယ်။
Ref: commerce





Leave a Reply

Your email address will not be published. Required fields are marked *