BREAKING NEWS

လျှော်ဖြူဈေးနှုန်းမတည်ငြိမ်မှုမှာ တစ်ကမ္ဘာလုံးစီးပွားရေး ဆုတ်ကပ်မှုကြောင့်ဟုဆို

လက်ရှိတွင် COVID ကာလမပြီးဆုံးမချင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးဆုတ်ကပ်သဖွယ် ဖြစ်နေသောကြောင့် လျှော်ဖြူဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိကြောင်း သိရပါတယ်။
COVID-19 ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး လုပ်ငန်းတော်တော် များများရင်ဆိုင်နေရတဲ့အချိန်မှာ မြန်မာ့လျှော် ဖြူရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာလည်း ဈေးဆိုင်၊ စားသောက်ဆိုင်၊ စက်ရုံတွေဟာ ရာနှုန်းပြည့် အလုပ်မလုပ်နိုင်ကြသေးပါဘူး။ အဲ့ဒီတော့ ကုန်ကြမ်းလိုအပ်ချက် မများသေးတာပါလို့ မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးဇင်မင်းသန့်က အစိမ်းရောင်လမ်းကို ပြောပါတယ်။
လျှော်ဖြူဈေးနှုန်း ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းများအနက် သယ်ယူပို့ဆောင်ရေးစရိတ်များ အရင်ကထက် မြင့်တက်လာခြင်းလည်း ပါဝင်ပါတယ်။ COVID ကာလမှာ နယ်စပ်ကုန်သွယ်မှု ဝင်ပေါက်တွေ ပိတ်ထားပါတယ်။ ပိတ်ထားတဲ့ အခြေအနေကနေ ရောင်းလို့ရအောင် ကြိုးစားပို့ဆောင်တဲ့နေရာမှာ စရိတ်စက တော်တော်လေး ပိုပြီးကုန်ကျပါတယ်။ အရင်ကထက်စာရင် သယ်ယူစရိတ်က (၃) ဆ လောက် များသွားပါတယ်လို့ ဦးဇင်မင်းသန့်က ဆက်လက်ပြောပါတယ်။
လက်ရှိဈေးကွက်အတွင်း လျှော်ဖြူဝယ်ဈေးများမှာ ကြာဇံတစ်ပိဿာလျှင် ကျပ် (၁၀၀,၀၀၀) ဝန်းကျင်၊ ကြာပြတ် တစ်ပိဿာလျှင် (၂၀,၀၀၀) ကျပ်မှ (၃၅,၀၀၀) ကျပ် အတွင်း၊ ရေခဲပွင့်အလှ တစ်ပိဿာလျှင် (၁၀,၀၀၀)ကျပ်မှ (၁၅,၀၀၀)ကျပ် အတွင်း၊ ပုံမှန်ထိပ်စအသန့် တစ်ပိဿာလျှင် (၈,၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ် အတွင်း၊ ဝမ်းစ (Aတစ်လုံး) တစ်ပိဿာလျှင် (၄,၀၀၀) ကျပ်မှ (၆,၀၀၀) ကျပ် အတွင်း၊ အဝါကြည် တစ်ပိဿာလျှင် (၂,၅၀၀) ကျပ်မှ (၄,၀၀၀) ကျပ်အတွင်း၊ အောက်စ တစ်ပိဿာလျှင် (၁,၀၀၀)ကျပ်မှ (၂,၀၀၀)ကျပ် အတွင်း ဈေးများဖြင့် ဝယ်ယူနေကြောင်း လျှော်ဖြူဒိုင်များမှ သိရပါတယ်။
Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *