BREAKING NEWS

လွိုင်ကော်တွင် ဝက် ၅၀ ကျော် ရောဂါဖြင့် သေဆုံး

ဇူလိုင် ၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ပီကင်းကောခူကျေးရွာအနောက်ဘက် နှစ်ဖာလုံခန့်အကွာ လယ်ကွင်းတောမှာ မွေးမြူထားတဲ့ DYN အမျိုးအစား ဝက်အကောင်ရေ (၅၀) ကျော်မှာ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း မြန်မာ့အလင်းက သတင်းဖော်ပြခဲ့ပါတယ်။
ပီကင်းကောခူကျေးရွာနေ ဦးမောင်နျို့ ဝက်မွေးမြူရေးလုပ်ငန်းနဲ့ ဦးဖိလစ်မျိုးအောင် ဝက်မွေးမြူရေးလုပ်ငန်းတို့မှာ ဝက်အကောင်ရေ (၁၅၁) ကောင်ကို နှစ်ဦးစပ်မွေးမြူထားရှိတာ ဖြစ်ပြီး ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက် ညနေပိုင်းအထိ အစာမစားခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ထွက်ကာ ဝက်ကောင်ရေ (၅၄) ကောင်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ နှစ်ဦးက ဆိုပါတယ်။
သေဆုံးမှုအများဆုံးအနေနဲ့ ဇူလိုင် ၄ ရက်မှာ (၂၁) ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးတဲ့ ဝက်တွေကို ခြံအနီးမှာတင် ဘက်ဟိုးဖြင့် မြေကျင်းအနက် (၁၀) ပေခန့်တူးပြီး မြှုပ်နှံထားကြောင်း မွေးမြူရေးခြံပိုင်ရှင်များက ပြောဆိုပါတယ်။ ဒေသခံပြည်သူတွေမှာ အကြောင်းခြင်းရာ မသိရတဲ့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှ ကာကွယ်နည်း၊ ကုသနည်းနဲ့ ပြင်ဆင်ထားရှိရမယ့် နည်းလမ်းများ ချပြပေးစေလိုတယ်လို့ သိရပါတယ်။
ဝက်တွေ ယခုလို သေဆုံးတဲ့အတွက် ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲခန့်က ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအေးနဲ့ အဖွဲ့ဝင်များက သေဆုံးခဲ့တဲ့ ဝက်ခြံကို လာရောက်ကြည့်ရှု စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ရောဂါအတည်ပြုနိုင်ရေးအတွက် သေဆုံးဝက်တွေရဲ့ သွေးနမူနာ ရယူခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Ref: MOI
Photo: ဘေဘူခေါရွာအတွင်းပိုးသတ်ဆေးများဖျန်းပေးခြင်း by Dr Thant Zaw





Leave a Reply

Your email address will not be published. Required fields are marked *