BREAKING NEWS

မြန်မာနိုင်ငံတွင် လက်ရှိကျရောက်နေသော နှံကောင်မှာ ကန္တာရကျိုင်းကောင် မဟုတ်

ရန်ကုန်၊ ဇူလိုင် ၃
မြန်မာနိုင်ငံမှာ နှံကောင်တွေ ကျရောက်လျက်ရှိနေတဲ့အတွက် အများပြည်သူစိုးရိမ်နေတဲ့အပေါ်မှာ လက်ရှိ ကျရောက်နေတဲ့ နှံကောင်မှာ ကန္တာရကျိုင်းကောင်မဟုတ်ဘဲ Aularches miliaris (Linnaeus, 1758) လို့ခေါ်တွင်တဲ့ အဝါစက် ပြောက်နှံကောင် (သို့) ကော်ဖီနှံကောင်သာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။
အဝါစက်ပြောက်နှံကောင်မှာ ယခုနှစ် ဇွန်လက စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် (သဖန်းဆိပ်ကျေးရွာ)၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ် (မော်ရုံကျေးရွာ) နဲ့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် (ဝက်ရုပ် ကျေးရွာ) တို့မှာ ကျရောက်လျက် ရှိနေပါတယ်။ ယင်းနှံကောင်မှာ အုန်းပင်၊ ကျွန်းပင်တို့မှာ အဓိကကျရောက်လေ့ရှိပေမယ့် ရာသီဥတုပြောင်းလဲလာပြီး အစာရေစာရှားပါးချိန်မှာ သရက်၊ ကွမ်းသီးပင်၊ ကော်ဖီ၊ မာလကာ၊ စပါး၊ ပဲစင်းငုံ၊ ကြံ၊ ငရုတ်၊ ဂုန်လျှော်၊ ရော်ဘာ၊ ကြက်ဆူ၊ ဒူးရင်း၊ ပြောင်း၊ ဝါ၊ ပီလောပီနံ၊ နှံစားပြောင်း၊ ထန်းပင်နဲ့ အခြားသီးနှံတွေမှာလည်း ကျရောက်တတ်ပါတယ်။ အရွက်၊ အဖူး၊ အညွန့်၊ အသီး စတဲ့ အပင်ရဲ့ကြီးထွားတဲ့ အစိတ်အပိုင်း အားလုံး စားသောက်ဖျက်ဆီးပြီး သက်တမ်းအားဖြင့် (၁၃-၁၅)လခန့် ကြာမြင့်တတ်ပါတယ်။
အဝါစက်ပြောက်နှံကောင် အမျိုးအစားမှာ ကာလတိုအခိုက်အတန့်သာ ကျရောက်တတ်ပြီး ကျရောက်ပြီး (၁)လခန့်အကြာမှာ ပျောက်ကွယ်သွားလေ့ ရှိပါတယ်။ သို့ဖြစ်တဲ့အတွက် မလိုအပ်ဘဲ ပိုးသတ်ဆေး မပက်ဖျန်းသင့်ကြောင်းကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
Ref: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *