BREAKING NEWS

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် ကန္တာရကျိုင်းကောင်အန္တရာယ်မှ သတိထားစောင့်ကြည့်သင့်

ရန်ကုန်၊ ဇူလိုင် ၃
မြန်မာနိုင်ငံမှာ နှံကောင်အုပ်စုတွေ ကျရောက်ဖျက်ဆီးမှု သာဓက မရှိသေးပေမယ့် အနောက်ဘက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကျရောက်ဖျက်ဆီးခဲ့တဲ့ အထောက်အထားတွေ ရှိပြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ကန္တာရကျိုင်းကောင် (နှံကောင်) တွေ ဖြတ်သန်းဝင်ရောက်လာနိုင်မယ့် အန္တရာယ်ကို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ အောက်ပါဒေသတွေမှာ သတိထားစောင့်ကြည့်ရန် သတ်မှတ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

(က) ရခိုင်ပြည်နယ်
(၁) မောင်တော၊ (၂) ဘူးသီးတောင်၊ (၃) ရသေ့တောင်၊ (၄) စစ်တွေ၊ (၅) ကျောက်ဖြူ

(ခ) ချင်းပြည်နယ်
(၁) တွန်းဇံ၊ (၂) ထန်တလန်၊ (၃) ပလက်ဝ

(ဂ) စစ်ကိုင်းတိုင်း
(၁) လေရှီး၊ (၂) ဟုမ္မလင်း၊ (၃) တမူး

(ဃ) ကချင်ပြည်နယ်
(၁) ပူတာအို၊ (၂) မချမ်းဘော

ကန္တာရကျိုင်းကောင်(နှံကောင်)(Desert Locust)
သိပ္ပံအခေါ် Schistocerca gregaria ဖြစ်ပြီး နှံကောင် မျိုးနွယ်ဝင် ဖြစ်ပါတယ်။ ၎င်းတို့မှာ သဲကန္တာရဆန်တဲ့ မြေမှာ ဥချလေ့ရှိပြီး လိုအပ်တဲ့အစိုဓာတ် ရရှိတာနဲ့ နှံကောင်ငယ်တွေ ပေါက်ပွားလာပါတယ်။ အတောင်ပေါက်ပြီး ပျံနိုင်တဲ့အဆင့်သို့ ရောက်ရှိလာတဲ့ နှံကောင်အုပ်စုငယ်တွေ အုပ်စုတစ်ခုနဲ့တစ်ခု စုပေါင်း မိကြတဲ့အခါ ရှည်လျားသော နှံကောင်အုပ်စုကြီးများအဖြစ် မိုင်ထောင်ပေါင်းများစွာ ပျံသန်းသွားနိုင်ပါတယ်။ သွားရာ လမ်းတစ်လျှောက် စိမ်းစိမ်းမြင်သမျှ အကုန်စားသောက် ဖျက်ဆီးတတ်ပါတယ်။ ကန္တာရကျိုင်းကောင်(နှံကောင်) တွေရဲ့ ပေါက်ပွားရာ ဒေသမှာ အာဖရိကတိုက်အလယ်ပိုင်းမှတစ်ဆင့် ပါကစ္စတန်၊ အိန္ဒိယတို့ရှိ ကန္တာရလွင်ပြင်များသို့ ရောက်ရှိလာပြီး လေကြောင်းလမ်းအတိုင်း နီးစပ်ရာ နိုင်ငံပေါင်းများစွာသို့ ချင်းနင်းဝင်ရောက် တိုက်ခိုက်တတ်ပါတယ်။

စားသောက်ဖျက်ဆီးပုံသဘာဝ
နှံကောင်ကြီးတွေရဲ့ သက်တမ်းမှာ (၃ မှ ၅) လရှိပြီး နှံကောင်အုပ်စုတွေဟာ လေစုန် တစ်နေ့လျှင် (၅၀ မှ ၁၀၀) ကီလိုမီတာအထိ ပျံသန်းနိုင်ကြပြီး သီးနှံမျိုးစုံ အကုန်စားသောက် ဖျက်ဆီးတတ်ပါတယ်။

ကန္တာရကျိုင်းကောင်(နှံကောင်) ရဲ့ ရုပ်သွင်ပြင်လက္ခဏာ
အကောင်ကြီးတွေရဲ့ အရွယ်အစားမှာ အထီး (၄ – ၅) စင်တီမီတာ၊ အမ (၅ – ၆) စင်တီမီတာရှည်လျားပြီး အဝါရင့်ရောင်(သို့မဟုတ်) ပန်းရောင်ရှိပါတယ်။ အတောင်ပေါ်မှာ အညိုရင့်ရောင် အပြောက်များ တွေ့ရှိရပါတယ်။ ၎င်းတို့ကို တွေ့လျှင်တွေ့ရှိ ခြင်း ထိရောက်သော နှိမ်နင်းမှုများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနအဆင့်ဆင့်နဲ့ ဆက်စပ် အဖွဲ့အစည်းများသို့ ချက်ချင်းအကြောင်းကြားပေးကြဖို့လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။
Ref: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *