BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်ပေါင်စေး ဧကတစ်သောင်းကျော် စိုက်ပျိုးထား

ရန်ကုန်၊ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ ကလေး၊ မော်လိုက်၊ တမူးခရိုင်၊ ခန္တီးခရိုင်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့နယ်နဲ့ မိုပိုင်းလွတ်မြို့နယ်ခွဲတို့မှာ စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ကြက်ပေါင်စေး (၁၂,၅၃၄) ဧကကို စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
ခရိုင်အလိုက် စိုက်ပျိုးမှုအနေနဲ့ ကသာခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှာ (၁,၂၂၁) ဧက စိုက်ပျိုးထားပြီး၊ ကလေးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှာ (၁,၅၆၃) ဧကနဲ့ မော်လိုက်ခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်မှာ (၄၀၄) ဧက စိုက်ပျိုးထားတယ်လို့ သိရပါတယ်။
“ကြက်ပေါင်စေး ကုန်ကြမ်းဈေးနှုန်းက ကျဆင်းနေတော့ တောင်သူတွေသိပ်ပြီး အဆင်မပြေကြဘူး၊ ကြက်ပေါင်စေးကို ချင်းတွင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ ခရိုင်(၅)ခုနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း အပါအဝင် မြို့နယ်(၁၂)မြို့နယ်နဲ့ မြို့နယ်ခွဲ (၃)ခုတို့မှာ ဧက (၁၂,၅၀၀) ကျော်ကိုစိုက်ပျိုးထားပါတယ် ” လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆိုပါတယ်။
တမူးခရိုင်အတွင်းမှာတော့ တမူးမြို့နယ်၊ ခမ်းပတ်နဲ့ မြို့သစ်မြို့နယ်ခွဲတွေမှာ (၈၄၀) ဧက၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှာ (၈,၄၃၆) ဧက၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်နဲ့ မိုပိုင်းလွတ်မြို့နယ်ခွဲတို့မှာ ဧက (၇၀) စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများကို ကိုးကားပြီး MOI က သတင်းဖော်ပြထားပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *