BREAKING NEWS

နယ်စပ်မှာပြုလုပ်နေတဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကြောင့် တရုတ်နဲ့ကုန်စည်စီးဆင်းမှု အဟန့်အတားမဖြစ်စေရေး ကူညီရန် ပြည်ထောင်စုဝန်ကြီးတောင်းဆို

ရန်ကုန်၊ ဇွန် ၂၁
မြန်မာ-တရုတ် နယ်စပ်မှာပြုလုပ်နေတဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး အစီအမံများကြောင့် ကုန်စည်စီးဆင်းမှုများ အဟန့်အတားမဖြစ်စေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးကြဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြား ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုကွန်ဖရင့်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မက်ခရိုစီးပွားရေး မူဝါဒ ညှိနှိုင်းပေါင်းစပ်မှုမှတစ်ဆင့် ထောက်ပံ့ရေးကွင်းဆက်လမ်းကြောင်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးနဲ့ စားသောက်ကုန်ပစ္စည်းများ၊ အရေးကြီးတဲ့ ဆေးပစ္စည်းကိရိယာတွေနဲ့ အထောက်အပံ့တွေကို နယ်စပ်ဖြတ်ကျော်လျက် လွယ်ကူ ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးကိစ္စရပ်များ၊ သက်ဆိုင်ရာနိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေ၊ မူဝါဒတွေနဲ့အညီ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းနဲ့ ကုန်သွယ်မှု မြှင့်တင်ခြင်းတို့ကို အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗီဒီယိုကွန်ဖရင့်ကို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ(၂၆)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနဲ့ သက်ဆိုင်ရာဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အုပ်ချုပ်ရေးမှူး တို့ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
REF: MOFA





Leave a Reply

Your email address will not be published. Required fields are marked *