BREAKING NEWS

COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းပြန်လည်ဦးမော့လာရေး မျိုးငါးနှင့် ငါးသားပေါက်များ ပံ့ပိုးသွားမည်

ရန်ကုန်၊ ဇွန် ၁၉
COVID-19 အလွန် ငါးမွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးမွေးမြူသူများကို တစ်ဧကလျှင် ငွေကျပ် (၄၀,၀၀၀) တန်ဖိုးရှိ မျိုးငါးနဲ့ ငါးသားပေါက်တွေ ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧက (၁၅၀,၀၀၀) အထိ ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့ပါတယ်။
COVID -19 Economic Relife Plan တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည် ထူထောင်ရန်နှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် ၃၆ မှာ ပြုလုပ်ခဲ့တဲ့ “ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အစီအမံများအပေါ် ရှင်းလင်းဆွေးနွေးပွဲ” မှာ ပြည်ထောင်စုဝန်ကြီးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို အောင်မြင်လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေး အတွက် ငွေကျပ်သန်း (၆၀၀)၊ ရေလုပ်သားများ ပင်လယ်ပြင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကို ကမ်းရိုးတန်း‌‌ဒေသ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ရန် ငွေကျပ်သန်း (၆၀) တို့ကို နိုင်ငံတော်အစိုးရထံ တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် အချိန်မီထောက်ပံ့နိုင်ရေးနဲ့ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဦးစီးမှူးများမှ အင်တိုက်အားတိုက် ဆောင်ရွက်စေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
နောက်ထပ်လည်း ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့ လာစေရေးအတွက် နိုင်ငံတော် ထောက်ပံ့ငွေမှ ဆောင်ရွက်မှုများအပြင် ချေးငွေအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ငါးတင်၊ ငါးချ ဆိပ်ကမ်းများ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဆိပ်ခံတံတားတစ်ခုလျှင် ငွေကျပ်သန်း (၂၀၀) နှုန်းဖြင့် ဆိပ်ခံတံတား (၁၀) ခုအတွက် လည်းကောင်း၊ ငါးဖမ်းရေယာဉ်များနှင့် ပတ်သတ်၍ ငါးလုပ်ငန်းရာသီ ပြန်လည် ဖွင့်လှစ်ချိန်တွင် လိုအပ်သော ဆီ၊ ရေခဲ၊ ရိက္ခာ၊ ရေလုပ်သားများနှင့် လှေထွက်စရိတ်တို့အတွက် ရေယာဉ်တစ်စီးလျှင် ငွေကျပ် (၁၀) သန်းနှုန်းဖြင့် ရေယာဉ်စီးရေ (၃၁၉၀) အတွက် လည်းကောင်း၊ ငါး/ပုဇွန် ပြုပြင်မွမ်းမံထုတ်လုပ်သော စက်ရုံ/ အလုပ်ရုံများအတွက် စက်ရုံ တစ်ရုံလျှင် ငွေကျပ်သန်း (၁၀၀) နှုန်းဖြင့်လည်းကောင်း၊ SME ချေးငွေ ရရှိရေးအတွက် တင်ပြ ထားပြီးဖြစ်တယ်လို့ ယင်းရှင်းလင်းဆွေးနွေးပွဲအရ သိရပါတယ်။
အလားတူ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA မှ ကိုဗစ်-၁၉ ကာလအတွင်း၊ JICA စီမံကိန်းဆောင်ရွက်ခဲ့တဲ့ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်များမှ မြို့နယ် (၁၈) မြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ငါးမွေးကန်တွေနဲ့ ငါးလုပ်ငန်းစခန်းတွေဆီသို့ ငါးသားပေါက်များ၊ ငါးအစာများ၊ လုပ်ငန်းသုံး ပစ္စည်းများ ကူညီပံပိုးပေးနိုင်မယ် အစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါတယ်။
Ref: MOI / Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *