BREAKING NEWS

စစ်ကိုင်းတိုင်းအတွင်း တိုက်ရိုက်မျိုးစေ့ချစိုက်နည်းဖြင့် မိုးစပါးဧကလေးသိန်းကျော် စိုက်ပျိုးမည်

ရန်ကုန်၊ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ တိုက်ရိုက်အစေ့ချ (အစို/အခြောက်) စိုက်နည်းဖြင့် စပါးစိုက်ဧက (၄၄၀,၈၂၁) ဧက စိုက်ပျိုးနိုင်ရေး စီစဉ်လျက်ရှိနေတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
ယခုဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စစ်ကိုင်းခရိုင်အတွင်း (၁၄,၅၀၀) ဧက၊ မုံရွာခရိုင်အတွင်း (၃၈,၃၃၆) ဧက၊ ယင်းမာပင် ခရိုင်အတွင်း (၇၉,၈၃၇) ဧက၊ ရွှေဘိုခရိုင်အတွင်း (၁၇၄,၀၀၀) ဧက၊ ကန့်ဘလူခရိုင်အတွင်း (၃၉,၈၆၈) ဧက၊ ကသာခရိုင်အတွင်း (၄၃,၅၅၀) ဧက၊ ကလေးခရိုင်အတွင်း (၂၅,၃၀၉) ဧက၊ မော်လိုက်ခရိုင် အတွင်း (၃၅၇) ဧက၊ တမူးခရိုင်အတွင်း (၃,၄၅၀) ဧက၊ ခန္တီးခရိုင်အတွင်း (၅,၅၈၅) ဧကနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၁၆,၀၂၉) ဧက တို့ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆိုပါတယ်။
ယင်းစိုက်ပျိုးရေး နည်းစနစ်နဲ့ ပတ်သက်ပြီး ဦးဝင်းလှိုင်ဦးက “ဒီကနေ့ဖြစ်နေတဲ့ ရာသီဥတုအခြေအနေ တွေနဲ့တော့ အကိုက်ဆုံးစိုက်နည်းစနစ်လို့ ပြောရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ “ဒီစိုက်နည်းက စိုက်ပျိုးပြီးနောက်ပိုင်း မိုးရွာသွန်းလည်း စိုးရိမ်စရာမရှိဘူး” လို့ ၎င်းက ဖြည့်စွက်ပြောဆိုပါတယ်။
အဆိုပါ တိုက်ရိုက်အစေ့ချ စိုက်နည်းစနစ်မှာ လုပ်အားသက်သာခြင်း၊ ပျိုးပင်ထိခိုက်မှု မရှိခြင်း၊ မြေပြင်ခြင်း၊ ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးရတဲ့ ကုန်ကျစရိတ်တွေ သက်သာခြင်း စတဲ့ အကျိုးတွေ ရှိတယ်လို့ သိရပါတယ်။ မြေဆီလွှာတိုက်စားမှုနဲ့ သဘာဝမြေဩဇာ ဆုံးရှုံးမှု လျော့နည်းစေခြင်းတို့ကနေ သက်သာစေမှာဖြစ်သလို အစောပိုင်းရွာသွန်းတဲ့ မိုးရေကို အသုံးပြုစိုက်ပျိုးတဲ့အတွက် ရိတ်သိမ်းချိန်စောတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိမှာ ဖြစ်စေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါတယ်။
Source: စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန
Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *