BREAKING NEWS

မန်းဈေးကွက်သို့ နာနတ်သီးစတင်ဝင်ရောက်နေသော်လည်း အဖွင့်ဈေးမကောင်းလှ

ရန်ကုန်၊ ဇွန် ၇
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ လားရှိုးဒေသမှ နာနတ်သီးများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်နေသော်လည်း အဖွင့်ဈေးမှာမူ ယမန်နှစ်အဖွင့်ဈေး ထက်ဝက်ခန့်သာ ရရှိနေကြောင်း မန္တ‌လေးပွဲရုံများမှ စုံစမ်းသိရှိရပါတယ်။
ပေါ်ဦးစအနေနဲ့ အလုံးရေအနည်းငယ်သာ ကားကြုံတင်ပို့မှုရှိပေမယ့် တိုင်းပြည်အတွင်းဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် အဖွင့်ဈေးမကောင်းကြောင်းနဲ့ ယမန်နှစ်က တစ်လုံးကို ၄၀၀ မှ ၅၀၀ ဝန်းကျင် ရရှိခဲ့ရာမှ ယခုနှစ်မှာမူ ၂၅၀ မှ ၃၀၀ လောက်ပဲ ပေါက်ဈေးရှိနေကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးမှ MOI သို့ ပြောဆိုထားပါတယ်။ “နာနတ်သီးသာမက သစ်သီးအားလုံး အရောင်းအဝယ်မကောင်းပါဘူး။ နဂိုက ၅၀၀ လောက်တန်တဲ့ ပစ္စည်းတစ်ခုကို ၁၀၀၊ ၂၀၀ လောက်နဲ့ ရောင်းပစ်နေရတယ်။ ဒီလိုမှ မရောင်းရင်လည်း အမှည့်လွန်ပြီး ပုပ်သွားလို့ လွှင့်ပစ်ရမှာ” လို့ ၎င်းက ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ လားရှိုး၊ နမ့်ဆမ်၊ မိုင်းရယ်နဲ့ တန့်ယန်းဒေသတွေမှာ နဂိုက ပြောင်းစိုက်ပျိုးမှု များပေမယ့် ပြောင်းဈေးနှုန်းမကောင်းတဲ့ အတွက် နာနတ်သီးပြောင်းလဲစိုက်ပျိုးလာကြရာမှာ ယခုလို ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ နာနတ်စိုက်ဧက သုံးသောင်းဝန်းကျင် စိုက်ပျိုးထားပြီး ယခုနှစ်မှာမူ စိုက်နည်းစနစ်သစ်ဖြင့် စိုက်ပျိုးထားတဲ့အတွက် အထွက်နှုန်းလည်း ကောင်းတယ်လို့ သိထားရပါတယ်။ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရဖို့သာ မှန်းထားကြပြီး အကယ်၍ ယမန်နှစ်တုန်းကကဲ့သို့ တင်ပို့ခွင့်မရရှိပါက ဆုံးရှုံးမှုများနိုင်တယ်လို့ ရှမ်းပြည်မြောက်ပိုင်း နာနတ်သီးစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းမှ ခန့်မှန်းထားပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *