BREAKING NEWS

ဓာတုလျှော့ချစိုက်နည်းဖြင့် စိုက်ပျိုးထားသော ဟင်းရွက်၊ သီးနှံများ အောင်မြင်ဖြစ်ထွန်းနေ

မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၉) ရွာမှာ ဓာတုလျှော့ချစိုက်နည်းဖြင့် အကောင်အထည် ဖော်စိုက်ပျိုးလျက်ရှိနေတဲ့ ဟင်းသီးဟင်းရွက်၊ သရက်၊ ပဲတီစိမ်းနဲ့ နှမ်းသီးနှံတွေ အောင်မြင်ဖြစ်ထွန်းလျက် ရှိနေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။
ယင်းစိုက်ပျိုးနည်းလမ်းကို အစားအစာအဆိပ်သင့်မှု အနည်းဆုံးနဲ့ အာဟာရ ရရှိဖို့ ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပြီး Food Safety Market ဈေးကွက်ဖော်ဆောင်ကာ မုံရွာမြို့ပေါ်ဈေးတွေနဲ့ ရွာနီးစပ်တွေမှာ ပြန်လည်ရောင်းချနိုင်ဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူတွေ ပူးပေါင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အမာကြည်က ဆိုပါတယ်။
“ဓာတုလျှော့ချစိုက်နည်းစနစ်က အထွက်နှုန်း အနည်းငယ်လျော့ကျပေမယ့် စားသုံးတဲ့သူ ဘေးကင်းလုံခြုံမှု ရှိတဲ့အတွက် ကြိုက်ပါတယ်။ ဓာတုလျှော့ချ သီးနှံဈေးကွက်တစ်ခု ပေါ်ပေါက်လာမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမှာ ဖြစ်ပါတယ်။ အခုတော့ စားသုံးသူတွေက စိတ်ဝင်စားမှုနည်းနေသေးတယ်” လို့ တောင်သူ ဒေါ်အေးအေးနွယ်က ဆိုပါတယ်။
ဓာတုလျှော့ချစိုက်ပျိုးနည်းဖြင့် ဟင်းသီးဟင်းရွက် ၂၂ မျိုးကို တောင်သူ ၂၅ ဦးက ၃၅ ဒသမ ၃၅ ဧကမှာ စိုက်ပျိုးလျက် ရှိပြီး ပဲတီစိမ်းကို တောင်သူ ၁၂ ဦးက ဧက ၅၀ အကျယ်မှာ စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ နှမ်းကို တောင်သူ ၇ ဦးက ၂၅ ဧကမှာ စိုက်ပျိုးလျက် ရှိနေပြီး သရက်သီးနှံကိုတော့ ငါးဧကအကျယ်မှာ တောင်သူ တစ်ဦးက စိုက်ပျိုးထုတ်လုပ်လျက် ရှိနေတာဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *