BREAKING NEWS

လက်ရှိဘဏ္ဍာနှစ် ခုနှစ်လအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် တစ်သန်းကျော် တင်ပို့ထားရာ ကန်ဒေါ်လာ ၇၃၈ သန်းကျော် ရရှိထား

ရန်ကုန်၊ မေ ၁၈
၂၀၁၉-၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဧပြီလအထိ ခုနှစ်လတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် တစ်သန်းကျော် တင်ပို့ထားရာ ကန်ဒေါ်လာ ၇၃၈ သန်းကျော်ရရှိထားတဲ့အတွက် ယမန်နှစ်ကာလတူထက် တန်ချိန်နဲ့ ပိုကုန်ရငွေ ပိုမို ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရပါတယ်။
ယမန်နှစ် ကာလတူက ပဲမျိုးစုံ တန်ချိန် ကိုးသိန်းကိုးသောင်းကျော်သာ တင်ပို့ထားရပြီး ကန်ဒေါ်လာ သန်း ၆၀၀ ကျော်သာ ရရှိခဲ့တာ ဖြစ်တဲ့အတွက် တန်ချိန် တစ်သောင်းကျော် ပိုမိုရရှိနေတာဖြစ်ကြောင်း AMIA တောင်သူ့ရုပ်သံမှ ဖော်ပြထားပါတယ်။
လက်ရှိကာလအတွင်း အိန္ဒိယအစိုးရမှ ပြည်တွင်းပဲလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပဲတင်သွင်းခွင့် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးလျက် ရှိသလို ဆိပ်ကမ်းအသီးသီးသို့ အရောက်ပို့စနစ်ဖြင့် ဝယ်ယူနေတဲ့အတွက် မြန်မာ့ပဲမျိုးစုံမှာ ရောင်းလိုအားမြင့်တက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ဆိုပါတယ်။
လက်ရှိဈေးကွက်အတွင်းမှာတော့ ပဲတီစိမ်းနဲ့ မတ်ပဲ ဈေးကောင်းလျက်ရှိနေပြီး မတ်ပဲမှာ လက်ကျန်မရှိတဲ့အထိ ဖြစ်နေကြောင်း ပဲကုန်သည်အချို့က ဆိုပါတယ်။ ပဲအမျိုးအစားကိုလိုက်ပြီး ပဲတီစိမ်း ခွဲခြမ်း (အသေး၊ အကြီး) တစ်တန်ကို ကန်ဒေါ်လာ ၈၀၀ မှ ၁,၀၅၀ ကြား၊ ပဲစင်းငုံ (အနီ၊ အဖြူ) တစ်တန်ကို ကန်ဒေါ်လာ ၅၇၀ မှ ၅၉၀ ကြား၊ မတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၇၀၀ နဲ့ ခွဲခြမ်း (အသေး၊ အကြီး) အလိုက် ကန်ဒေါ်လာ ၁,၀၄၅ ခန့် ဈေးရှိနေတယ်လို့ သိရှိရပါတယ်။
ရန်နောင်
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *