BREAKING NEWS

ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ဖြင့် တရုတ်သို့ တစ်ပတ်လျှင် ဆန်အိတ် ရှစ်သောင်း တင်ပို့နေ

မေ ၁၆၊ ၂၀၂၀။
တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆန်တင်ပို့နေရာမှာ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ရှိတဲ့ လိုင်စင်အသစ်များဖြင့် တစ်ပတ်ကို ဆန်အိတ် ရှစ်သောင်းခန့် တင်ပို့လျှက်ရှိနေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရပါတယ်။
အဆိုပါ ဆန်များမှာ ၁၀၅ မိုင်သို့ ဝင်လာကတည်းက ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ပါတဲ့ ဆန်များ ဖြစ်ပြီး အခုလို လိုင်စင်အသစ်ဖြင့် တင်ပို့ရာမှာ ၅၀ ကီလို ဆန်အိတ် တစ်အိတ်ကို ယွမ် ၁၃၅ မှ ၁၄၀ အကြား ရရှိနေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက MOI သို့ ပြောဆိုထားတာကို တွေ့ရပါတယ်။
ယခင်က တရုတ်သို့ ဆန်တင်ပို့ရာမှာ မတ်လ ၃၁ ရက်နေ့အထိ မူဆယ် ၁၀၅ မိုင်မှ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ဖင့်သာ သွားလို့ရသော်လည်း ယခုအခါမူ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ရတဲ့ ဆန်များကိုသာ ဧပြီ ၃ ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံထဲ တင်သွင်းခွင့်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ထောက်ခံချက် မရတဲ့ ဆန်အိတ် ငါးသောင်းခန့် မူဆယ်ဂိုဒေါင်များမှာ ပိတ်မိနေပြီး ကျယ်ဂေါင်မှာလည်း အလားတူ ဆန်အိတ် တစ်သိန်းခန့် ပိတ်မိနေတယ်လို့ သိရပါတယ်။
မူဆယ်မှာ ပိတ်မိနေတဲ့ ဆန်များကို စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးပေးနေပြီး ယခုတစ်ပတ်အတွင်း လက်မှတ်ရရှိကာ ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ဦးမင်းသိန်းက ဆိုပါတယ်။ “မူဆယ်က စစ်နေတာ မပြီးသေးဘူး။ ဒါပေမယ့် ကျယ်ဂေါင်က ဆန်တွေလည်း အခြားနိုင်ငံ ရောက်နေတော့ ဒီကသူတွေ သွားမစစ်နိုင်ဘူး။ မစစ်နိုင်တော့ ကျယ်ဂေါင်က ပစ္စည်းတွေ မူဆယ်ကို ပြန်သယ်ရမယ်လို့ ကြားတယ်” လို့ ၎င်းက ဆိုပါတယ်။
COVID-19 ကာလအတွင်း ပြည်ပတင်ပို့မယ့် ဆန်နဲ့ ဆန်ကွဲကို လစဉ် ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ တန်ချိန် ငါးသောင်း လျာထားပြီး ယခု တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့နေသော ဆန်များမှာ အဆိုပါ တန်ချိန် ငါးသောင်းထဲမှ ဖြစ်တယ်လို့ သိရှိရပါတယ်။
Source: MOI





Leave a Reply

Your email address will not be published. Required fields are marked *