BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်သဲကျောက်ထုတ်ယူခြင်းလုပ်ငန်းများ စနစ်တကျ ချထားပေးလျက်ရှိ

မေ ၁၅၊ ၂၀၂၀။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်သဲကျောက် ထုတ်ယူခြင်း လုပ်ငန်းများကို တစ်နှစ်တစ်ကြိမ် ခွင့်ပြုပေးလျက် ရှိနေပြီး ရေလမ်းကြောင်း မပျက်စီးဘဲ စနစ်တကျ ထုတ်လုပ်နိုင်ဖို့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်လျက် ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
“မြစ်သဲကျောက် ထုတ်ယူခြင်းလုပ်ငန်းကို တစ်နှစ်တစ်ကြိမ် ခွင့်ပြုပေးတယ်။ မြစ်သဲကျောက် ထုတ်လုပ်မယ့် ဧရိယာတွေက ရေလမ်းကြောင်း ထိခိုက်မှု ရှိ၊ မရှိ ကျွန်တော်တို့ ဌာနက ကွင်းဆင်းစစ်ဆေးတယ်။ ရေလမ်းကြောင်းနဲ့ လွတ်ကင်းတယ်ဆိုရင် ကျွန်တော်တို့က ထောက်ခံပေးရတယ်။ လုပ်ကိုင်ခွင့်ကိုတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက ထုတ်ပေးတယ်” လို့ ယင်းဌာန ဦးစီးမှူး ဦးကျော်စိုးက ဆိုပါတယ်။
မြစ်သဲကျောက် ထုတ်ယူမှုအနေနဲ့ ချင်းတွင်းမြစ်အတွင်း (၈) နေရာ၊ မူးမြစ်အတွင်း (၃) နေရာနဲ့ ယင်းမြစ်များအတွင်းသို့ စီးဝင်နေတဲ့ ချောင်းများမှာ (၇) နေရာတို့ကို လုပ်ကိုင်ခွင့် ချထားပြီး လက်ရှိလုပ်ကိုင်လျက် ရှိနေတယ်လို့ သိရပါတယ်။
“ချင်းတွင်းမြစ်ထဲမှာ မြစ်သဲကျောက်ထုတ်ယူမှုက အများဆုံးဖြစ်တယ်။ မြို့နယ်အနေနဲ့ဆိုရင် မုံရွာဧရိယာအတွင်းမှာ အများဆုံးလုပ်ကိုင်ကြတယ်။ လုပ်ငန်းရှင် (၇၀) လောက်ရှိတယ်” လို့ ဦးကျော်စိုးက ဆိုပါတယ်။
ရန်နောင်
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *