ခရမ်းချဉ်ပင်မှာ တွေ့ရတတ်တဲ့ ဖြူစေရီယမ်ပင်ညှိုးရောဂါ

ရောဂါလက္ခဏာ

ပျိုးပင်အဆင့်တွင် အပင်ပုခြင်း၊ ရွက်ရင့်များဝါ၍ အောက်သို့ကုပ်ကျခြင်း၊ ပင်စည်အတွင်းသားများ ညိုမည်းခြင်း၊ ပင်ခြေပုပ်ခြင်း၊ နောက်ဆုံးပင်ညှိုး၍ သေခြင်း၊ အပင်ကြီးများတွင် ပန်းပွင့်ချိန်နှင့် အသီးကြီးထွားချိန် အတွင်းတွင် ရောဂါလက္ခဏာ ထင်ရှားလေ့ရှိပါသည်။ ပထမအောက်ရွက်များ တစ်ခြမ်းစ၍၀ါခြင်း၊ အပင်၏ တစ်ပိုင်းသာ ၀ါခြင်းတို့ကို စတင်တွေ့ရှိရသည်။ အရွက်ဝါခြင်းသည် တဖြည်းဖြည်းများလာ၍ တစ်ပင်လုံးဝါပြီး အပင်ညှိုးသွားသည်။ နေ့တွင် အပူဆုံးအချိန်သည် အပင် အညှိုးဆုံးအချိန် ဖြစ်သည်။ နောက်ဆုံး တစ်ပင်လုံး ညှိုး၍သေသည်။ ပင်စည်အတွင်းရှိ အစာရေကြောစီးများသည် ညိုနက်ရောင်ရှိသည်။ ထိုကဲ့သို့ ညိုခြင်းကို ရွက်ညှာပြုတ်သည့် အမာရွက်တွင် တွေ့ရှိနိုင်သည်။ ရံဖန်ရံခါ အသီးအထိ ရောဂါရနိုင်သည်။

ရောဂါဖြစ်ပေါ်တိုးတက်မှု

ရောဂါဖြစ်စေသည့်မှိုသည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ သဲဆန်သောမြေ၊ ချဉ်သော မြေများတွင် ပို၍ တွေ့ရှိရတတ်သည်။ ရောဂါဖြစ်စေမှိုသည် မြေတွင်နှစ်ပေါင်းများစွာနေနိုင်သည်။ ရောဂါရှိမြေတွင် အမြစ်၏ဒဏ်ရာများမှ စတင်ဝင်ရောက်သည်။ ယေဘူယျအားဖြင့် အပူချိန် (၂၈) ဒီဂရီစင်တီဂရိတ်ရှိခြင်း၊ မြေအစိုဓာတ်သင့်တင့်ခြင်း၊ မြေတွင်နိုက်ထရိုဂျင် နဲ့ မီးစုံးဓာတ်နည်းပြီး ပြာဓာတ်များခြင်း ၊ မြေချဉ်ခြင်း၊ နေ့တာတိုခြင်း နှင့် အလင်းရောက်အရနည်းခြင်းတို့သည် ရောဂါဖြစ်ပေါ်မှုကို အားပေးပါသည်။ ရောဂါ ဖြစ်စေမှိုသည် မျိုးစေ့မှလည်းပါနိုင်သည်။ ရောဂါရမြေမှ တဆင့် လယ်ယာသုံးကိရိယာ၊ လူ နဲ့ တိရစ္ဆာန်တို့မှလည်း ရောဂါပျံ့နှံ့နိုင်သည်။

ကာကွယ်နှိမ်နင်နည်း

ရောဂါကင်းမျိုးစေ့ကို  သုံးပါ။

ရောဂါရပင်ကြွင်း၊ ပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။

မြေ၏ ချဉ်ငံဓာတ်ကို မြှင့်ပေးပါ။

အပင်အာဟာရ သင့်တင့်မျှတအောင် ဆောင်ရွက်ပါ။

Source – စိုက်ပျိုးရေး ဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *