BREAKING NEWS

စားအုန်းဆီအညံ့များနှင့် မြောင်းဆီများသည် မြန်မာ့ဆီဈေးကွက်ကြီးတစ်ခုလုံးကို ၀ါးမြိုထားသည့် အတွက် ပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်လာ

 မြန်မာ့ဆီဈေးကွက်ကြီးတစ်ခုလုံးတွင် စားအုန်းဆီအညံ့စားများနှင့် မြောင်းဆီများသည် နေရာယူ လွှမ်းမိုးကာ ဈေးကွက် တစ်ခုလုံးကိုဝါးမြိုထားပြီး ပြည်သူများကျန်းမာရေးအတွက် စိုးရိမ်ဖွယ် ဖြစ်လာနေသည့် အတွက်   ပြင်းပြင်းထန်ထန်ဖြေရှင်း အဖြေရှာရန် အချိန်ရောက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးကိုကြီးကပြောကြား သည်။

  “ဈေးအပြိုင်လျော့၊ ဈေးကွက်ကိုဝိုင်းလုကြရင်းနဲ့ တဖြည်းဖြည်းနဲ့စားအုန်းဆီအညံ့စားနဲ့ မြောင်းဆီများက မြန်မာပြည်ရဲ့ စားအုန်းဆီဈေးကွက်မှာ အပိုင်စီးလာကြပါတယ်” ဟု ဦးကိုကြီးက ဆက်လက်ပြောကြားသည်။

 အဆိုပါ စားအုန်းဆီအညံ့စားများနှင့် မြောင်းဆီများကိုပင် အနံ့များထည့်သွင်းကာ၊ တံဆိပ်များ ကပ်ပြီး ပဲဆီ၊ နှမ်းဆီများ သဖွယ်ပြုလုပ်ရေင်းချလာကြောင်း ဆီလုပ်ငန်းရှင်များကပြောသည်။

 ထိုကဲ့သို့ ဈေးအပြိုင်လျော့ရောင်းခြင်း၊ ဈေးကွက်လုခြင်းများနှင့် အနံ့ထည့်သွင်းထားသည့် စားအုန်းဆီများနေရာ ယူလာခြင်းကြောင့် မြန်မာပြည်တွင်း စားသုံးဆီဈေးကွက်ကို ၀ါးမြိုလာကြောင်း သိရသည်။

“ ဒီ(အညံ့စားစားသုံးဆီ) ဈေးကွက်ကြီး၊ ကြီးလာသလောက်ပြည်သူများ၏ ကျန်းမာရေး ကလည်း ပိုမိုဆိုးလာနိုင်ပါတယ်။ အစွန်းရောက်လာတဲ့ ကိစ္စမျိုးကြောင့် ကျန်းမာရေးဆိုးကျိုးများဖြစ်လာမယ်ဆို ဘယ်လိုပူးပေါင်းကာကွယ်ကြမယ်ဆိုတဲ့ နည်းလမ်းများကို ပြင်းပြင်းထန်ထန်ရှာဖို့ အချိန်ကြပြီ” ဟု ဦးကိုကြီးက ပြောသည်။

  အနံ့ထည့်ထားသည့် ပဲဆီတုများနှင့် ရောနှောထားသည့် ပဲဆီတုများသည် ပြည်တွင်းဈေးကွက်အတွင်း အမြောက်အမြား ရှိနေသည့်အတွက် မြေပဲဆီလုပ်ငန်းကို လုပ်ကိုင်ကာ ပဲဆီစစ်စစ်များကို ထုတ်လုပ်နေသည့် ပြည်တွင်းအသေးစား၊ အလတ်စား လုပ်ငန်းများသည် အကြီးအကျယ် ထိုးနှက် ခံနေရကြောင်း ဆီလုပ်ငန်းရှင်များ က ပြောသည်။

ပြည်တွင်းတွင်ထုတ်လုပ်ထွက်ရှိသောဆီသန့်များသည် သဘာဝကုန်ကြမ်းများကို ကြိတ်ခွဲထုတ်လုပ်ရပြီး ကုန်ကြမ်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားသည့်အတွက် ပြည်သူအများစုမှာ စားသုံးနိုင်ခြင်းမရှိဘဲ လူနည်းစုကသာ စားသုံးနိုင်ကြောင်း၊  ဆီလုပ်ငန်းရှင်များကပြောသည်။ ပြည်တွင်းမှ ထုတ်လုပ်သည့် ဆီသန့်များသည် မြန်မာ့ဆီဈေးကွက် အတွင်း ဈေးကွက်ဝေစု ၅ရာခိုင်နှုန်းခန့်သာရရှိပြီး ပြည်တွင်းဆီစက် လုပ်ငန်းအများစုမှာလည်း ရပ်နားထားရကြောင်း ဆီစက်လုပ်ငန်းရှင်များမှ သိရသည်။

 “ ဈေးကွက်မှာ နေရာရနေတဲ့အနည်းငယ်လောက်သော ဆီစက်တွေဘဲကျန်တော့တယ်” ဟု မန္တလေးမြို့ခံ ဆီလုပ်ငန်းရှင် တစ်ဦးကပြောသည်။

 ပြည်တွင်းနယ်ပယ်အသီးသီးမှ ထွက်ရှိသည့် ဆီထွက်သီးနှံကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်သည့် အတွက် ပြည်တွင်းဆီစက်လုပ်ငန်းရှင်များအနေနှင့် ကုန်ကြမ်းကိုလည်း ဈေးကြီးမြင့်စွာ ၀ယ်ယူရပြီး ဆီသန့်ကြိတ်ခွဲ ထုတ်လုပ်မှု ကုန်ကျစရိတ်သည်လည်း ပိုမိုကြီးမြင့်လာ ကြောင်း ဆီစက်လုပ်ငန်းရှင်များက ပြောသည်။

“ ဆီစက်တွေတော်တော်များများကရပ်လိုက်ရပြီ။ ကျန်တဲ့လည်ပတ်နေတဲ့ ဆီစက်တွေလည်း ရက်ခြားဘဲ လည်ပတ်နိုင်တော့တယ်။  ဒါလည်း ပြောပ လောက်အောင်မရှိတော့ပါဘူး” ဟုမန္တလေးအခြေစိုက် ဆီစက်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

  ပဲဆီနံ့သင်းပျံ့မှုရရှိစေသည့် အနံ့ဆေးများကို မန္တလေးမြို့ရှိဈေးများအတွင်း အလွယ်တကူ ၀ယ်ယူနိုင်ပြီး ၎င်းအနံ့ဆေးများ ကို အိန္ဒိယနှင့် ထိုင်ဝမ်နိုင်ငံများမှ တင်သွင်းခြင်းဖြစ်ကာ အဓိကအားဖြင့် မုန့်ပြုလုပ်သည့်နေရာများတွင် အသုံးပြုခြင်း   ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ရောနှောပဲဆီများကို ပြုလုပ်ရာ တွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ တွင်ပင်     ပြုလုပ်ခြင်းဖြစ်ပြီး ရောနှောဆီပြုလုပ်ရန်အတွက်လည်း လွန်စွာလွယ်ကူကြောင်းသိရသည်။

“ လုပ်ငန်းရှင်များအနေနှင့် တခြားအနှောင့်အယှက်၊ စည်ပင်သာယာအနှေင့်အယှက်ရှိရင်ပြော ပါ။ အတတ်နိုင်ဆုံး ကူညီ ပါ့မယ်။ ဆီသန့်လေးပဲထုတ်ပေးပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၉) ဒေါက်တာသွင်ကျော်ကျော် ကပြောသည်။

 လက်ရှိကာလာတွင် ပြည်ထောင်စုလွှတ်တော်မှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ပြဌာန်းထားပြီး ၎င်းဥပဒေ အရရောနှောရောင်းချသည့်ဆီများကို အရေးယူနိုင်ကြောင်းသိရသည်။

ကျော်သူရမျိုး

အတွဲ(၁၃)၊ အမှတ်(၁၈၉)၊ ဖေဖော်ဝါရီ၂၉- မတ် ၆၊ ၂၀၁၆ ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *