BREAKING NEWS

အယ်လ်နီညိုကြောင့် ရခိုင်ပြည်နယ်တွင် သက်တမ်းတိုစပါးမျိုးများစိုက်ပျိုးရန် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ ပညာပေးလုပ်ငန်းများစတင်

၂၀၁၆ ခုနှစ်အတွင်း  အယ်လ်နီညိုကြောင့် ရခိုင်ပြည်နယ်အတွင်း သက်တမ်းတိုစပါးမျိုးများကိုသာ စိုက်ပျိုးရန် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်များတွင် ပညာပေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အယ်လ်နီညိုရာသီဥတုသည် စိုက်ပျိုးရေးကဏ္ဍကိုထိခိုက်စေနိုင်သောကြောင့် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှာ မြို့နယ်များတွင် ပညာပေးလုပ်ငန်းများအား စတင်ဆောင်ရွက်ပြီး သက်တမ်းတိုစပါးမျိုးကို သာစိုက်ပျိုးကြရန် လယ်သမားများ အားနှိုးဆော်ပေးနေခြင်းဖြစ်သည်။

“ အယ်လ်နီညိုကြောင့် ဖြစ်လာမယ့်စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သတ်ပြီး ပညာပေးလုပ်ငန်းတွေ  ကျေးရွာ တွေမှာ လုပ်နေ ကြတယ်။မင်းပြားမြို့နယ်မှာတော့ စုပေါင်းဆွေးနွေးပွဲလုပ်တာက ၁၁ ကြိမ်ရှိပါပြီ။ သင်တန်းကတော့ ၃ ကြိမ်လုပ်ပြီး သွားပါပြီ။ နောက်ထပ်လည်းကျေးရွာအုပ်စုတိုင်းမှာ ဆက်လုပ်သွား မယ်။မိုးလေ၀သပညာရှင်တွေက ဇွန်လအထိ မိုးပြတ်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ ဒါကြောင့်သက်တမ်းတို စပါးမျိုးကိုသာ လာမယ့်မိုးရာသီမှာ စိုက်ပျိုးကြဖို့ တောင်သူတွေကို တိုက်တွန်းနေတယ်။ အဓိက အချက်က ရေလိုအပ်ချက် နည်းဖို့လိုတယ်” ဟုမင်းပြားမြို့နယ်၊ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူးး ဦးဇော်ဝင်းနိုင်ကြေ ပာသည်။

ရခိုင်ပြည်နယ်တွင် ရေအခက်အခဲရှိသည့်အတွက် နွေစပါးစိုက်ပျိုးမှုမှာလွန်စွာနည်းပါးပြီးရေချိုမြစ် ချောင်းများဖြစ်သည့်   လေးမြို့မြစ်နှင့် ကုလားတန်မြစ်အထက်ပိုင်း ဒေသများတွင်သာ ဆေးရွက်ကြီး၊ ကွမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် နှမ်းတို့အား ဒေသခံများမှ စိုက်ပျိုးကြလေ့ ရှိကြောင်း သိရသည်။

“ ရာသီဥတုက ပိုပြီးပူပြင်းလာတယ်။ ရေကန်တွေမှာ ရေခန်းခြောက်လာတယ်။ ရေအခက်အခဲကြောင့် ဘာစိုက်ပျိုးရေးမှ အခု မလုပ်နိုင်ဘူး။ အဓိကအချက်က စိုက်ပျိုးရေးအတွက် လယ်မြေတွေကိ ဆည်ရေ ရဖို့လိုအပ်တယ်။ ဒါမှ ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ အဆင်ပြေနိုင်မယ်” ဟုမြောက်ဦး မြို့နယ်၊ ဗူးရွက်မညိုးကျေးရွာမှ ဦးသိန်းထွန်းက ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတုကြောင့် ရခိုင်ပြည်နယ်တွင် အပူချိန်မြင့်မားခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း စသည့် အခြေအနေများ ဖြစ်ပွားလာနိုင်ပြီး ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းတို့ ကြောင့် စိုက်ပျိုးရေးနှင့် အစားအစာ ဖူလုံရေးကဏ္ဍတို့အား ထိခိုက်လာနိုင်တာကြောင့်  မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

ပန်လှအောင်(မြစ်မခ)
အတွဲ(၁၃)၊အမှတ်(၁၉၀)၊မတ်၇-၁၃၊၂၀၁၆ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *