BREAKING NEWS

မန္တလေးတွင် သရက်သီးအထွက်နှုန်း လျော့ကျနိုင်ပြီး သရက်တောင်သူများ အရှုံးပေါ်နိုင်

မန္တလေးမြို့နှင့်အနီးဝန်းကျင်မြို့နယ်များရှိ သရက်ခြံများတွင် ယခုနှစ်သရက် ရာသီအတွင်း သရက်သီး အထွက်နှုန်း လျော့ကျသွားနိုင်ပြီး သရက်ခြံများကို ကြိုရောင်း၊ကြိုဝယ်စနစ်နှင့် ၀ယ်ယူထားသည့် တောင်သူများ၊ သရက်ကုန်သည်များ အရှုံးပေါ်နိုင်ကြောင်း သရက်တောင်သူများကပြောသည်။ ယခုနှစ်သရက်သီးရာသီတွင် သရက်များပွင့်သော်လည်း သရက်သီးကောင်းမွန်စွာ မရရှိသည့် အတွက် အထွက်နှုန်းကျဆင်းရန် သေချာနေပြီဖြစ်ကြောင်း မန္တလေးမြို့၊ပုသိမ်ကြီး မြို့နယ်မှ သရက်စိုက် တောင်သူများက ပြောသည်။

၎င်းအပြင် မန္တလေးမြို့နှင့်အနီး ၀န်းကျင်မြို့နယ်များတွင် သရက်သီးခြံများကို အသီးမရရှိသေးသည့် ကာလကတည်းကပင် သရက်ခြံများ ကို ကြိုရောင်းကြိုဝယ်စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းတွင်ကျယ် နေပြီး ယခုနှစ်တွင်မူ ကြိုတင်ဝယ်ယူထာူသည့် သရက်တောင်သူများနှင့် သရက်သီးကုန်သည်အချို့ အရှုံးပေါ်ရန် သေချာနေကြောင်း ကြိုတင်ဝယ်ယူထားသူများက ပြောသည်။

သရက်သီးဈေးကွက်သည် ပြီးခဲ့သည့်သုံးနှစ်တာကာလအတွင်း ဆက်တိုက်ကောင်းမွန်လာခဲ့သည့် အတွက် သရက်သီးခြံများရှိ သရက် သီးများကို ခြံလုံးပြတ်ဝယ်ယူရသည့် ဈေးနှုန်းမှာလည်း မြင့်မား လာကြောင်း သရက်သီးကုန်သည်များက ပြောသည်။

ပြီးခဲ့သည့်သုံးနှစ်အတွင်းက သရက်သီးပင် ၅၀၀ ပါသည့် သရက်ခြံရှိ သရက်သီးများကို ကြိုရောင်း ကြိုဝယ်စနစ်ဖြင့် ၀ယ်ယူ ရာတွင် ခြံလုံးပြတ်တစ်နှစ်အတွက် ကျပ်သိန်း ၂၀၀ သာရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်သိန်း ၄၂၅ အထိပင် ပေါက်ဈေးမြင့်တက်လာ ခဲ့ကြောင်း ခြံလုံးပြတ်ဝယ်ယူထားသည့်တောင်သူများက ပြောသည်။

“ ဒီနှစ်သရက်ပွင့်ကတော့ ပွင့်တယ်။ဒါပေမယ့် အသီးမတင်တော့(အသီးမရရှိခြင်း) ရှုံးဖို့သေချာ သလောက်ကို ဖြစ်နေပြီ” ဟု သရက်သီးခြံတစ်ခြံအား အသီးခူးရန်ခြံလုံးပြတ်ဝယ်ယူထားသည့် တောင်သူဦးအောင်ဝင်းက ပြောသည်။

အဆိုပါကဲ့သို့ သရက်ပွင့်များပွင့်သော်လည်း သရက်သီးမရရှိခြင်းမှာ အပင်များကို ဆေးဖြန်းခြင်း နှင့်လည်း သက်ဆိုင်ပြီး အနည်ဆုံး၁၀ ကြိမ်ခန့်ဖြန့်သည့်တောင်သူများ အသီးရရျှိနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်  တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးနေလင်းမောင်က ပြောသည်။

ယခုနှစ်သရက်သီးရာသီအတွင်း ပြည်ပဈေးကွက်သို့ သရက်သီးများတင်ပို့ရာတွင် ထောက်ခံချက် မရှိသည့်အတွက် ဈေးကောင်း မရရှိမှု များ ဖြစ်ပေါ်မှုမရှိစေရန်အတွက် GAP လက်မှတ်များရရှိရေး အတွက် သင်တန်းများ ပေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့မှ သိရသည်။

မြန်မာသရက်သီးများအနက် စိန်တလုံးသရက်သီးကို ပြည်ပနိုင်ငံများက စိတ်ဝင်စားမှုရှိသော်လည်း ပြည်တွင်းမှတစ်ဆင့် တင်ပို့ရောင်းချ သည့်အခါတွင် ထောက်ခံချက်လက်မှတ်မရှိသည့်အတွက် ဈေးကောင်းမရရှိကြောင်း မန္တလေးတိုင်းဒေသကြီး သရက်အစု အဖွဲ့ဥက္ကဌ     ဒေါ်သန်းသန်းဆွေက ပြောသည်။

ပြီးခဲ့သည့်နှစ် သရက်သီးအရောင်းအ၀ယ်ကာလတွင် တရုတ်နိုင်ငံဘက်မှလည်း မြန်မာစိန်တလုံး သရက်သီးများကို စင်္ကာပူနိုင်ငံ နည်းတူ   ဈေးကောင်းပေးဝယ်ခြင်းများရှိခဲ့ကြောင်း သိရသည်။

ကျော်သူရမျိုး

အတွဲ(၁၃)၊အမှတ်(၁၉၂)၊မတ် ၂၁-၂၇၊ ၂၀၁၆ ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *