BREAKING NEWS

ရော်ဘာစိုက်ပျိုးစရိတ်နှင့် ရောင်းချသည့်စရိတ် တွက်ချေမကိုက်မှုကြောင့် လုပ်ငန်းထားရမှုများရှိနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရော်ဘာရောင်းဈေးနှင့် ရော်ဘာလုပ်ငန်းကုန်ကျစရိတ် တွက်ချေမကိုက်သဖြင့် ရော်ဘာ လုပ်ငန်းရှင်အချို့ လုပ်ငန်းရပ်နားထားရမှုများရှိနေကြောင်း ရော်ဘာ လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

ရော်ဘာစိုက်ပျိုးရာတွင်ရင်းနှီးမြှပ်နှံမှုစရိတ်မြင့်မားခြင်း၊ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ ရော်ဘာစိုက်ပျို;း ရေးနည်းပညာ အရည်အသွေး ကျဆင်းနေခြင်းနှင့်တရုတ်လုပ်ငန်းရှင်များသို့ အကျိုးဆောင်များမှ တဆင့် ရောင်းချသောကြောင့် ဈေးကွက်ပျက်ပြီး ရော်ဘာဈေးနှုန်းများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသည့်အတွက် တာချီလိတ်ဒေသမှ လုပ်ငန်းရှင်များ လုပ်ငန်းရှင်များဆက်လက်လည်ပတ်နိုင်ရန် ခက်ခဲနေကြောင်း   သိရသည်။

“ဆန်၊စပါးအသင်းအဖွဲ့တွေဖွဲ့ထားသလိုရော်ဘာစိုက်ပျိုးသူအသင်းအဖွဲ့တွေကနေ နိုင်ငံခြားမှာ ဈေးကွက်ရှာကာ လက်မှတ်ထိုးပြီးပို့မယ် ဆိုရင်တော့ အဆင်ပြေပါတယ်” ဟုတာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းကပြောသည်။ လက်ရှိတွင် တရုတ်ပြည်မှအကျိုးဆောင်များနှင့် ချိတ်ဆက်ရောင်းချနေပြီး တာချီလိတ်မြို့တွင် ရော်ဘာဈေးကွက် သီးသန့်မရှိ သဖြင့် ဈေးနှုန်းလျှော့ချရောင်းချနေရကြောင်း တာချီလိတ်ရာဘာလုပ်ငန်းရှင်အသင်း ထံမှသိရသည်။

၂၀၁၅ခုနှစ်တွင် ရော်ဘာတစ်ကီလိုလျှင်ထိုင်းငွေ ၁၅ ဘတ်မှ၂၉ ဘတ်မှရောင်းဈေးရရှိပြီး ၂၀၁၆ခုနှစ် တွင် တစ်ကီလိုလျှင် ၁၇ဘတ်မှ ၁၈ဘတ်သာ ဈေးရရှိကြောင်း တာချီလိတ်မြို့နယ် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

“ရန်ကုန်လို ရော်ဘာကုန်စည်ဒိုင်တွေသာ ဒီမှာရှိရင် စိုက်ရတာ စိုက်ပျော်တယ်။ အခုက ပွဲစားတွေကလာဝယ်ချင်ဝယ်မယ်။ မလာရင် လည်းမလာကြဘူး။ ခိုင်မာတဲ့ဈေးကွက်မရှိဘူး”ဟုတာချီလိတ်ရော်ဘာလုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူးဦးထိန်မင်းက ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်တွင် ရော်ဘာပင်အမျိုးအစားအဖြစ် မလှိုင်ဝါနှင့် ကြက်ပေါင်ဈေးနှစ်မျိုးကိုအဓိကထားစိုက်ပျိုးပြီး ၂၀၁၅-၁၆ ခုနှစ်တွင် စိုက်ပျိုးဧက ၃၄,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်း(မြစ်မခ)

အတွဲ(၁၃)၊အမှတ်(၁၉၂)၊မတ် ၂၁-၂၇၊ ၂၀၁၆ ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *