BREAKING NEWS

⁠နှမ်းသီး⁠နှံအထွက်တိုးရန် ⁠ဆောင်ရွက်ရမည့် စိုက်ပျိုး⁠ရေးနည်းစနစ်⁠ကောင်းများ

နှမ်းသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများ အလွယ်တကူစိုက်ပျိုး နိုင်ခြင်းကြောင့် လက်ရှိ စိုက်ပျိုးနေသော ဆီထွက်သီးနှ့များတွင် စိုက်ဧရိယာအများဆုံး (၄၉%( ရှိသည့် ဆီထွက်သီးနှံဖြစ်ပါသည်။ နှမ်းသီးနှံ တစ်ဧကပန်းတိုင် အထွက်နှုန်း တင်း(၂၀) နှင့်အထက်ရရှိရန် အောက်ဖော်ပြပါ စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

မြေအမျိုးအစား

မြေအချဉ်ငံဓါတ် (၅.၈-၇) အတွင်းရှိသော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနှင့် မြေနီသဲဝန်း မြေများတွင် စိုက်ပျိုးပါ။ စိုက်ခင်းမြေပြုပြင်ချိန် တွင် မြေမျက်နှာပြင် ညီညာစေရေး အလေးထားဆောင်ရွက်ပါ။

မျိုး

ဒေသနှင့် ကိုက်ညီဖြစ်ထါန်းမည့် အထွက်ကောင်းမျိုးများကို ရွေးချယ်အသုံးပြုရန်နှင့် စိုက်ပျိုးသင့်သည့် အထွက်ကောင်းမျိုးများမှာ   အောက်ပါအတိုင်းဖြစ်ပါသည်။

မျိုးအမည် အသက်ရက် အထွက်နှုန်း(တင်း/ဧက) ထူးခြားချက်
ဆင်းရတနာ – ၃ ၈၅-၉၀ ၂၀ နှမ်းနက်(အစေ့အနက်ရောင်)ကိုင်းဖြာမျိုး၊အထွက်ကောင်း
ဆင်းရတနာ – ၄ ၈၀-၈၅ ၂၀ အစေ့အဖြူရောင်၊တပင်တိုင်မျိုး၊ အထွက်ကောင်း
ဆင်းရတနာ – ၅ ၈၀-၈၅ ၁၄-၂၃ အစေ့အ၀ါရောင်၊အပူဒဏ်ခံနိုင်၊ မိုးကြိုရာသီသင့်တော်
ဆင်းရတနာ – ၈ ၇၀-၇၅ ၁၀-၁၂ အစေ့အဖြူရောင်၊ကိုင်းဖြာမျိုး
ဆင်းရတနာ – ၉ ၇၀-၇၅ ၁၀-၁၂ အစေ့အဖြူရောင်၊ကိုင်းဖြာမျိုး
ဆင်းရတနာ – ၁၂ ၇၅-၈၀ ၁၀-၁၂ အစေ့အဖြူရောင်၊တပင်တိုင်မျိုး

 

  • အပင်ပေါက် (၈၀%) အထက်ရှိသော မျိုးစေ့များကို တစ်ဧကလျှင် မျိုးစေ့ (၂-၃) ပြည် အသုံးပြုစိုက်ပျိုးပါ။

စိုက်ချိန်

မိုးနှမ်းကို မေလပထမမိုးရလျှင်ရခြင်း အစိုဓါတ်လုံလောက်ပါက စိုက်ပျိုးရန်နှင့် ဆောင်းနှမ်းကို စက်တင်ဘာ လကုန်တွင် အပြီးစိုက်ပျိုးပါ။ မိုးကြိုရေသွင်းနှမ်းကို မတ်လကုန်တွင် အပြီး စိုက်ပျိုးပါ။

စိုက်စနစ်

တစ်ဧက သတ်မှတ်အပင်ဦးရေ ၀င်ဆံ့ရန် နှမ်းလျင်မျိုးများတွင် တပင်တိုင်မျိုးအတွက် တန်းကြား(၁.၃) လက်မ နှင့် ကိုင်းဖြာမျိုးအတွက် တန်းကြား (၁၅) လက်မဖြစ်ပြီး နှမ်းကြီးမျိုးအတွက် တန်းကြား (၁၈) လက်မနှင့် ပင်ကြား(၄) လက်မဖြင့် စိုက်ပျိုးပါ။ မျိုးစေ့ကို မြေအောက် (၁.၅-၂) လက်မထက် မနက်စေဘဲ အစိုဓါတ်မိအောင် စိုက်ပျိုးပါ။

သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

တစ်ဟကလျှင် နွားချေး (သို့မဟုတ်) မြေဆွေးလှည်း(၅-၁၀) စီး၊ ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၅၆) ပေါင် နှင့် ပိုတက်ရှ် (၂၈) ပေါင်နှုန်း ကို စိုက်ထယ်ရေးပြင်ချိန်တွင် ထည့်ပါ။ အဖူးစတင်ဝင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား(၂၈) ပေါင်နငန်းနှင့် ပန်းဖြိုင်ဖြိုင် ပွင့်ချိန်တွင် ယူရီးယား(၂၈) ပေါင်နှုန်းစီ ထပ်မံထည့်ပေးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း

အပင်သက်တမ်း (၁၅) ရက်(သိုပမဟုတ်) မူမှန်ရွက်(၆) ရွက်ထွက်ချိန်တွင် တစ်ကျင်းလျှင် သန်စွမ်းသော တစ်ပင်ချန်၍ သားခွဲပါ။ အပင်ပေါက်သည်မှ စ၍ ရက်(၃၀) အတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်၇ွက်ပါ။ နှမ်းအထွက်ကောင်းစေရန် အပင်သက်တမ်း တစ်လျှောက် အစိုဓါတ်အလိုအပ်ဆုံးအချိန်များ မှာ စိုက်ပြီး (၁၅-၂၀) ရက်အတွင်း၊ အပင်ငယ်စဉ်ကာလ၊ အဖူးဝင်ချိန်နှင့် ပန်းပွင့်ပြီး (၃၅-၄၀) ရက် နှမ်းသီးဖြစ်ပေါ်ချိန်များ ဖြစ်ပါသည်။ အဆိုပါအချိန်များတွင် အစိုဓါတ်မလုံလောက်ပါက ရေသွင်းပေးပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

အပင်ငယ်စဉ် စုပ်စားပိုးများကျရောက်ပါက ပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နှင်းပါ။ အပွင့်အသီးဖြစ်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် နှမ်းထောင်ချိန်တွင် ဂျပိုးမဲ ကျရောက်ပါက ထိတွေ့ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် နှိမ်နှင်းပါ။ နှမ်းဖိုရောဂါသယ်ဆောင် လာသော ဖြုတ်ညိုအား ထိတွေ့ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ထိရောက်စွာ နှိမ်နှင်းပါ။ နှမ်းရိုးမဲရောဂါကျရောက်တတ်ပါက မျိုးစေ့ကို မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။

စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်း

စိုက်ခင်းအတွင်း နှမ်းပင်(သို့မဟုတ်) နှမ်းခင်းတစ်ခုလုံး ရွှေဝါရောင်သမ်းလာချိန်တွင် ရိတ်သိမ်းပါ။ တစ်နည်းအားဖြင့် အထွက်လျော့ နည်းနိုင်သည့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်သော အောက်သီးကွဲ ခြင်း မဖြစ်စေရန် မျိုးအလိုက် အသီးပီပြင်သည့် အလယ်သီးများကို ခွဲကြည့်၍ အရောင်ရင့်ပါက ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး နှမ်းများကို စုပုံမထားပဲ တိုက်ရိုက်စည်းပြီး နေရောင်အောက်တွင် ထောင်ထားပါ။   နှမ်းများကို ပုံထားပါက နှမ်းစေ့တွင် Free Fatty Acid (FFA) နှင့် မှိုပါဝင်မှုများစေ၍ နှမ်းစေ့အရည်အသွေး ကျဆင်းစေနိုင်ပါသည်။ သို့ပါ၍ နှမ်းရိတ်သိမ်းပြီးနောက်ပိုင်း မျှော်မှန်းအထွက်နှုန်း ရရှိစေရန် စည်းထောင်၍ အခြောက်ခံခြင်းကို အလေးထားဆောင်ရွက်သင့် ပါသည်။ ခြွေလှေ့သန့်စင်ပြီး နှမ်းများကို မျိုးအဖြစ် အသုံးပြုမည်ဆိုပါက အစိုဓါတ်(၉) ရာခိုင်နှုန်းထိ ရရှိအောင် အခြောက်ခံပြီး   လေလုံအောင်ပိတ်၍ သိုလှောင်သိမ်းဆည်းပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *