BREAKING NEWS

⁠ေ⁠နွစပါးအထွက်⁠နှုန်း⁠ကောင်း⁠စေရန် သတိ⁠ပြုရမည့်အချက်များ

မြန်မာနိုင်ငံတွင် နွေစပါးကို ၁၉၉၂ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပြီး ၂၀၀၉ – ၂၀၁၂ ခုနှစ်တွင် နွေစပါးစိုက်ဧက သုံးသန်းကျော်ထိ စိုက်ပျိုးလာနိုင်ခဲ့ပါသည်။ စတင်စိုက်ပျိုးခဲ့သည့် နှစ်မှ ယခုနှစ်အတွင်း နွေစပါးအထွက်နှုန်းသည် တရိပ်ရိပ်အထွက်နှုန်းတိုးတက်ခဲ့ပြီး ၁၀ နှစ်ကျော် နောက်ပိုင်းတွင် စပါးအထွက်နှုန်း တန့်လာခဲ့သည်ကို တွေ့ရပါသည်။ နွေစပါးသည် စိုက်ပျိုးစနစ်၊ မျိုးကောင်း၊ မျိုးသန့် အခြေအနေကောင်းများတွင် နေရောင်ခြည်၊ ရေအလုံလောက်ရရှိပါက တစ်ဧက တင်းတစ်ရာကျော်ထိ ထွက်ရှိနေသည်မှာ ငြင်းဖွယ်ရာမရှိပါ။

ယခုအခါ နွေစပါးအထွက်နှုန်းများ တန့်နေသည်။ အချို့ နေရာများတွင် ကျဆင်းနေသည့် အခြေအနေများပင် ကြုံနေရသည်ကို တွေ့မြင်နေရပေသည်။ သုံးသပ်လေ့လာကြည့်လျှင် စိုက်ပျိုးနည်းစနစ်၊ မျိုး။ ရေမြေအခြေအနေများ ချို့ ယွင်းချက်ရှိလာခြင်းကြောင့် ဖြစ်ရသည်ကို မျက်ဝါးထင်ထင် မြင်နေရပေပြီ။
မိုးစပါး ရိတ်သိမ်းပြီး နွေစပါးစိုက်ပျိုးရာတွင် ရိုးပြတ်မီးရှို့၊ ချက်ချင်းရေတင် မြေပြင်၍ မစိုက်ပျိုးသင့်ပေ။ မိုးရာသီတစ်ရာသီလုံးရေဖြင့် ဖုံးလွမ်း၍ ထားရသဖြင့် မြေတွင်း အောင်စီဂျင်ဓာတ်နည်းပေမည်။

အချို့ ရေ၀ပ်သော ဒေသများတွင် မြေတွင်း လေမဲ့ဇုန် ဖြစ်နေပေမည်။ မြေတွင်း အောင်စီဂျင်ဓာတ်နည်းသဖြင့် စပါးပင် အမြစ်ကြီးထွားမှု နှောင့်နှေးနေပြီး အပင်ကြီးထွားမှု ညံ့နေတတ်ပါသည်။ ရိုးပြတ်မီးရှို့၊ ချက်ချင်းရေတင်၊ မြေယာပြုပြင် ချက်ချင်းစိုက်ပါက ပေါင်းမြစ်များ၊ စပါးမြစ်အုံများ ချက်ချင်းမဆွေးနိုင်ဘဲ အပူငွေ့ ထုတ်လွှတ်ပါသည်။ ၄င်းအပူငွေ့ကြောင့် စပါးပင်ငယ်များ ကြီးထွားမှုမရှိတော့ဘဲ ၀ါပြီး ထိုင်နေတတ်ပါသည်။ ဤသို့ ဖြစ်စဉ်ကို တမန်းပူမိသည်ဟု လယ်သမားကြီးများက ဆိုကြပါသည်။

မိုးစပါးရိတ်သိမ်းပြီး မြေအနေတော်ခြောက်သွားအောင် (ပက်ကြားအက်ကာစအခြေအနေထိ) တစ်ပတ်၊ နှစ်ပတ်ခန့် အခြောက်လှန်းထားရန် လိုအပ် ပါသည်။ ရိုးပြတ်ကို မီးမရှို့သင့်ပါ။ ရိုးပြတ် မီးရှို့ပါက နိုက်ထရိုဂျင်ဓာတ်အားလုံး၊ ဖော့စဖရိတ်ဓာတ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၆၀ နှင့် သွပ်ဓာတ်၊ ဆီလီကာဓာတ်များလည်းဆုံးရှုံးသွားစေနိုင်ပါသည်။ မြေနှင့် ရိုးပြတ်များကို တစ်ပတ်၊ နှစ် ပတ်ခန့် နေပူလှန်းပြီးပါက ဓားစက် (သို့) ကွင်းစက်ဖြင့် အလျားလိုက်၊ အနံလိုက် နှစ်စပ်ခန့် မောင်းပေးပါက ရိုးပြတ်များ ကျိုးကြေပိပြား သွားပါသည်။ ၄င်းအခြေအနေရောက်မှသာ ၁၆ သွားထွန်စက်ကြီး နှစ်စပ် (သို့) ထယ် တစ်စပ်ထိုးပြီး ရေသွင်း၍ မြေကို တစ်ပတ်ခန့်နှပ်ထားရန် လိုပါသည်။ ထွန်၊ ထယ် မထွန်မီ နွားချေး၊ သဘာဝမြေဆွေး၊ စက်ဖွဲပြာ၊ ထုံး၊ ကျောက်မှုန့်မြေသြဇာများကို ကြိုတင်ထည့်ထားရန် ဖြစ်ပါသည်။ ရေသွင်း၍ တစ်ပတ်ခန့်နှပ်ထားသဖြင့် ထွန်၊ ထယ်စာခဲများ နူးသွားစေပြီး တမန်းကောင်းရရှိစေရန် အထောက်အကူ ပြုပါသည်။ ၄င်းအပြင် ပေါင်းစေ့များ၊ မြက်ခေါင်းများ၊ စပါးအလေအလွင့်ပင် များ ပေါက်ရောက်ဆွေးမြေ့  ပြီး ပေါင်းမြက်ကင်းစင်ခြင်း၊ မျိုးသန့်ထိမ်းသိမ်းခြင်းအတွက် အကျိုးပြုစေပါသည်။

မိုးစပါးအပြီး နွေစပါး စိုက်ပျိုးသော ဒေသများတွင် သီးနှံဆက်တိုက်စိုက်ပျိုးလာရသဖြင့် စပါးပင်က ထုတ်နှုတ်စားသုံး၍ ကုန်ခမ်းသွားသော အာဟာရဓာတ် များကို မြေတွင်းသို့ လုံလောက်အောင်ပြန်လည်ဖြည့်ဆည်းမပေးကြသဖြင့် မြေပျက်သုန်းစေခြင်း၊ မြေကန်းသွားရသည့် အဓိက ပြဿနာများဖြင့် ကြုံတွေ့နေကြ ရသည်။ တစ်နေရာတည်းတွင် သီးနှံ ဆက်တိုက် စိုက်ပျိုးလာပါက စတုတ္ထနှစ်မှ စ၍

စပါးအထွက်နှုန်းကျလာကြောင်း၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထောက်ပြထားပါသည်။ အထွက်နှုန်း ကျဆင်းမှုသည် ယူရီးယား၊ တီဆူပါ၊ ပိုတက်ဓာတ်မြေသြဇာများကိုသာ အသုံးပြုပါက လျော့ကျမှုမြန်ဆန်ခြင်း၊ နွားချေးတစ်ဧက ငါးတန်နှုန်း(သို့) ဂျစ်ပဆန် မြေသြဇာတစ်ဧက ပေါင် ၁၀၀ နှုန်း တွဲဘက်အသုံးပြုပါက အထွက်နှုန်းသိသာစွာလျော့ကျမှုမရှိကြောင်း ရေဆင်းစိုက်ပျိုးရေးဦးစီးဌာန၏ ရှစ်နှစ်တာစမ်းသပ်ချက်များအရ တွေ့ရှိထားပါသည်။

မိုးစပါးအပြီး နွေစပါး ဆက်တိုင်စိုက်ပျိုးနေကြသော မြေများတွင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ ပိုမိုပျက်စီရသည်မှာ မလွဲဧကန် ပင်ဖြစ် ပါသည်။ နွေစပါးစိုက်ပျိုးကြသော လယ်သမားများသည် .ယူရီးယားဓာတ်မြေသြဇာတစ်မျိုးတည်း (သို့) အာဟာရစုံ ကွန်ပေါင်းမြေသြဇာများကို အသုံးပြု`ကြ ပြီး သဘာဝမြေသြဇာ၊ မြေဆွေး၊ နွားချေးကို အချို့  လုံးဝအသုံးမပြုကြခြင်း၊ အချို့  ပမာဏအလွန်နည်းစွာ (အသုံးပြုရုံ ဆိုကာမျှသာ) အသုံးပြုခြင်းကြောင့် လယ်မြေများ အာဟာရခန်းခြောက်လာရပြီး စပါးထွက်လည်း တဖြည်းဖြည်း ကျဆင်းလာရခြင်းနှင့် ကြုံတွေ့နေကြရပါသည်။ နွေစပါး စိုက်လယ်မြေများ သို့ မြေဆွေး၊ နွားချေး အပင်အကြွင်းအကျန်၊ ဖွဲ၊ ဆန်ကွဲ၊ ကောက်မှော်၊ နှမ်းမှော်၊ ပြောင်းရိုး၊ နုန်းမြေ၊ မြေဆွေး၊ စသည်များ အလုံအလောက် ထည့်ပေးရမည်မှာ အလွန်သတိပြုရမည့် အချက် ဖြစ်ပါသည်။

နွေစပါး စိုက်ရာတွင် အထူးဂရုပြုရမည့်အချက်မှာ မျိုးကိစ္စများကို ဆက်လက်ဖော်ပြပေးပါမည်။

Source – MRF




Leave a Reply

Your email address will not be published. Required fields are marked *